ဆုတောင်းပြည့်အောင်တော်မူစေတီ

Listing Description

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ ရပ်တော်မူဘုရားကြီး၏ တောင်ဘက်ကုန်းတော်ပေါ်တွင် တည်ရှိသည်။ ၁၉၃၃ ခုနှစ်တွင် မန္တလေးတောင်မှ ရသေ့ကြီးဦးခန္တီသည် ကျိုင်းတုံစော်ဘွား၏သမီးတော် နန်းတစ်ပထီးလာ တည်ထားခဲ့သော စေတီငယ်တစ်ဆူကိုငုံ၍ ထိုနေရာ၌ ရပ်တော်မူရုပ်ပွားတော်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ နန်းတစ်ပထီးလာသည် ရုပ်ပွားတော်ကြီးကို ဖူးမျော်ကြည်ညိုရသော်လည်း ယခင်ကတည်ခဲ့သော စေတီငယ်ကို လွမ်းဆွတ်သတိရမိ ရှိသောကြောင့် ထိုရပ်တော်မူဘုရားကြီး၏ တောင်ဘက်ကုန်းတော်ပေါ်တွင် ကိုယ်စားစေတီငယ်တစ်ဆူ တည်ထားပေးခဲ့သည်။ ထိုစေတီတို "လွမ်းစေတီ" ဟုခေါ်ဆိုကြောင်းသိရသည်။ နောက်ပိုင်းတွင် ပထမတောင်ကျောင်းကြီး ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနရိန္ဒက ဦးစီးကာ ထိုစေတီဟောင်းကို ငုံ၍ ဉာဏ်တော် ၇၆ ပေ ၃ လက်မ အမြင့်ရှိသော ပင်မစေတီတော်ကြီးကို ၁၉၆၀ ခုနှစ်တွင်တည်ထားပြီး "ဆုတောင်းပြည့်အောင်တော်မူစေတီ" ဟုဘွဲ့အမည်ပေးခဲ့သည်။ ထို့နောက် ဆုတောင်းပြည့်အောင်တော်မူကျောင်း ဆရာတော် ဦးအရိယဝံသ ဦးစီး၍ ဉာဏ်တော်အမြင့် ၁၈ ပေစီရှိသော အရံစေတီငယ် ၈ဆူကိုလည်း စေတီတော်ကြီး၏ ဘေးပတ်လည်တွင် ၁၉၉၄ ခုနှစ်တွင် တည်ထားခဲ့သည်။ စေတီတော်၏ပုံစံမှာ အာရုံခံအောက်ခြေပေါ်တွင် စေတီများကို ထပ်ဆင့်တည်ထားခြင်းဖြစ်သည်။ အာရုံခံအတွင်းရှိ ထောင့်ရှစ်ထောင့်တွင် ဗုဒ္ဓရုပ်ပွားတော်များကို ထည့်သွင်းပူဇော်ထားပါသည်။