ပြည်လှဖေ (၁၉၁၂ - ၁၉၉၀)

Listing Description

အဆိုတော်၊ ရုပ်ရှင်မင်းသား ပြည်လှဖေကို မြန်မာသက္ကရာဇ် (၁၂၇၄)ခုနှစ်တွင် ပြည်မြို့၊ ကြိုးတန်းရပ်တွင် မွေးဖွားသည်။ မိဘများမှာ အရေးပိုင် ဦးခူးနှင့် ဒေါ်ကြင်စီတို့ဖြစ်ပြီး သား(၄)ယောက်၊ သမီး(၂)ယောက်အနက် တတိယသားဖြစ်သည်။ ပြည်မြို့တွင် (၁၀)တန်းအောင်သည်အထိ ကျောင်းနေခဲ့သည်။

တက္ကသိုလ်တက်ရန် ရန်ကုန်သို့လာရင်း တက္ကသိုလ်မရောက်ဘဲ အေဝမ်းကုမ္ပဏီမှ သူငယ်ချင်း ကိုတင်မောင်နှင့် တွေ့ဆုံရာမှ အေဝမ်းကုမ္ပဏီ၏ လခစားဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှစတင်၍ အေဝမ်းတူရိယာအဖွဲ့အုပ်ချုပ်သူအဖြစ် လုပ်ကိုင်၍ အသံတိတ်ဇာတ်ကားများ၌ တီးမှုတ်ကြရသည်။ ၁၉၃၈ ခုနှစ် သဘင်ဝန်ဓာတ်ပြား ထုတ်လုပ်သောအခါ ဓာတ်ပြားအဆိုတော်ဖြစ်လာသည်။ ၁၉၃၉ မှစ၍ ပြည်လှဖေအမည်မှာ ကျော်ကြားခဲ့သည်။ လစဉ်ထုတ် အေဝမ်းသဘင်ဝန် ဓာတ်ပြားများ၌ တစ်ဦးချင်းအဆို၊ စုံတွဲအဆိုတို့ အဆက်မပြတ် လစဉ်ထုတ်ဝေဖြန့်ချိကာ ပြည်သူတို့အသည်းစွဲ အဆိုကျော်ဖြစ်လာသည်။ ရုပ်ရှင်မင်းသမီး အဆိုကျော် မေရှင်မှာ ပြည်လှဖေနှင့် တွဲဖက်အဆိုစုံတွဲ ဖြစ်ခဲ့သည်။

ရုပ်ရှင်မင်းသားအဖြစ် စောင်းတော်ရှင် ရုပ်ရှင်ဇာတ်ကား တစ်ကား၌သာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး သူ၏ သရုပ်ဆောင်မှုမှာလည်း တစ်ကားဆို ဆိုသလောက် ထူးချွန် ပြောင်မြောက်ခဲ့သည်။ စစ်ပြီးခေတ်တွင် အေဝမ်းရုပ်ရှင် အသိုက် အဝန်းဖြစ်သော လျှပ်စစ် ရုပ်ရှင်မှ ဒါရိုက်တာမောင်တင်ယု ရိုက်ကူးသော ကပ္ပလီ ဇာတ်ကားတွင် မောင်တင်မောင် (အေဝမ်း ဦးတင်မောင်)နှင့်အတူ ပါဝင် ရိုက်ကူး ခဲ့သေးသည်။ အဆိုတော်ကြီး ပြည်လှဖေသည် စောင်းတော်ရှင် ဇာတ်ကား တစ်ကား တည်းဖြင့်ပင် အဓိက သရုပ်ဆောင် မင်းသားကောင်း တစ်ဦးအဖြစ် ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့လေသည်။

၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွား၍ အင်ဂျင်နီယာသိပ္ပံကျောင်းတက်ခဲ့ပြီး ပြန်လာသောအခါ ရုပ်ရှင်၊ ဂီတ၊ အနုပညာအလုပ်ကို လုံးဝမလုပ်တော့ဘဲ တပ်မတော်တွင်း ဝင်သွားသည်။ နှစ်ပေါင်း(၂၀)ကျော် အမှုထမ်းပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ရောက်ရှိခဲ့သည်။ ထို့နောက် မြေယာကျေးလက်ကော်ပိုရေးရှင်းတွင် အထူးအရာရှိ (စက်မှုလယ်ယာ) အဖြစ် ပြောင်းရွေ့အမှုထမ်းရသည်။ ယင်းနောက်တွင် အမှတ်(၂) စက်မှုဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့တွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်လှဖေသည် ကျန်းမာရေးချို့ယွင်းလာသဖြင့် အင်္ဂလန်နိုင်ငံတွင် ဆေးသွားကုရာ ၁၄.၀၃.၁၉၉၀ အင်္ဂလန်မှာပင် ကွယ်လွန်အနိစ္စရောက်ခဲ့ရလေသည်။ ၁၆.၀၃.၁၉၉၀ ရက်နေ့တွင် ထိုနိုင်ငံ၌ပင် သင်္ဂြိုဟ်ခဲ့သည်။

ထင်ရှားသောသီချင်းများ

မြကလောင်ရေးသည့် ဇွဲ

မြို့မငြိမ်းရေးသည့် နတ်သျှင်နောင် သီချင်းနှင့် မေ့ပါနိုင်

ဂျူဗလီစိန်ရေးသည့် နဂါးနိုင်မင်း သီချင်းနှင့် မင်းမဟာဂီရိ

ရွှေပြည်အေး ရေးသည့် ချစ်မိုးစွေ သီချင်းနှင့် ကဉ္စန

စိန်ဝေလျှံရေးသည့် ပပဝင်းဝင်း

အေဝမ်းဆရာညှာရေးသည့် မေတ္တာဂုဏ်

ဂုဏ်တော်ဖွင့် သီချင်းနှင့် သုဝဏ္ဏသျှံ

သဟာယ ဆရာတင်ရေးသည့် ဂုဏ်မြင့်သူ သီချင်းနှင့် မာနရှင်

စစ်ကိုင်း ဆရာကြည်ရေးသည့် ရှင်သီဝလိ

စန်းသော်တာ ရေးသည့် ရွှေတံငါ

ရဲရဲတောက် တို့ဗမာ