ပျဉ်းမနားမြို့ ဆုတောင်းပြည့်လောကမာရဇိန်စေတီတော်၌ (၃၁)ကြိမ်မြောက် ပန်းစေတီနှင့် ဆီမီး၊ ပန်း၊ နံ့သာ၊ ရေချမ်း ငါးထောင်တို့ဖြင့် ပူဇော်

Listing Description

ပျဉ်းမနား နိုဝင်ဘာ ၃၀

နေပြည်တော် ပျဉ်းမနားမြို့နယ် ရန်အောင်(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်မြတ်ကြီးတွင် (၃၁)ကြိမ် မြောက် ပန်းစေတီနှင့် ဆီမီးငါးထောင်၊ ပန်းပေါင်းစုံ ငါးထောင်၊ နံ့သာငါးထောင်နှင့် ရေချမ်း ငါးထောင် ကပ်လှူ ပူဇော်ပွဲကို ယမန်နေ့ ည ၇ နာရီတွင် ဆုတောင်းပြည့်လောက မာရဇိန်စေတီတော် ရင်ပြင်တော်ပေါ်၌ ကျင်းပသည်။

ပန်းစေတီနှင့် ဆီမီး ငါးထောင်၊ ပန်းပေါင်းစုံငါးထောင်၊ နံ့သာငါးထောင်နှင့် ရေချမ်းငါးထောင် ကပ်လှူပူဇော်ပွဲနှင့် ပတ်သက်၍ ယခင်နှစ်တွေက ယခုလိုကပ်လှူပူဇော်ပွဲကို ဘုရားဖူးများဖြင့် စည်စည်ကားကား ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုနှစ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အစဉ်အလာမပျက် ကျင်းပခြင်းဖြစ်ပြီး ထူးခြားမှုအနေဖြင့် ပန်းစေတီပါ ပူဇော်နိုင်ခဲ့ကြောင်း ပျဉ်းမနားမြို့ ဆုတောင်းပြည့် လောက မာရဇိန်စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောသည်။

အဆိုပါ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော် သည် ပျဉ်းမနားမြို့တွင် ကောဇာသက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် ရတနာပုံနေပြည်တော် သင်္ဂါယနာတင်ဘဝရှင် မင်းတုန်းမင်းကြီး အမိန့်အရ ဆင်ဝန် ဦးဖိုးမောင်းက ကြီးကြပ်တည်ခဲ့ပြီး မင်းတုန်းမင်းကြီးကိုယ်တိုင် ထီးတော်တင်လှူ အောင်မြင်တော်မူသည့် စေတီတော်ဖြစ်ကာ ဆီမီး ငါးထောင်၊ ပန်းပေါင်းစုံ ငါးထောင်၊ နံ့သာ ငါးထောင်နှင့် ရေချမ်း ငါးထောင် ကပ်လှူပူဇော်ပွဲကို နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့တိုင်း ကျင်းပလာသည်မှာ (၃၁)ကြိမ်မြောက်ခဲ့ ပြီဖြစ်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)