ဖိုးဝန်းတောင် (ခေါ်) ဖိုလ်ဝင်တောင်

Listing Description

ဖိုးဝန်းတောင် (ခေါ်) ဖိုလ်ဝင်တောင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင်တည်ရှိပြီး ယင်းမာပင်မြို့နှင့် ၇ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ သမိုင်းဝင် ဖိုလ်ဝင်တောင်နှင့် အင်ကြင်းတောင် တို့၌ သမိုင်းအရ ထင်ရှားသော ဘုရား၊ စေတီများအပါအဝင် ဘုရားစေတီ ၁၈၅ ဆူ တည်ရှိပါသည်။ ဖိုလ်ဝင်တောင် ဘုရားစေတီများ အတွင်းတွင် ရှေးလက်ရာ နံရံဆေးရေး ပန်းချီများ၊ ပန်းပု လက်ရာများအပြင် သစ်သားတံခါးများ တွင်လည်း ရှေးလက်ရာ ပန်းပုများကို အလှဆင်၍ ခြယ်မှုန်း ထုလုပ် ထားသည်ကို တွေ့ရှိ နိုင်ပါသည်။ တောင်တန်းသည် ပေ ၉၅၀ ကျော် အမြင့်ရှိပြီး တောင်၏ အနောက်ဘက် တောင်ကမ်းပါးပြတ်တို့၌ တည်ထားသော ဘုရားများနှင့် ရှေးမြန်မာ ကျောက်ဆစ်လက်ရာများကြောင့်လည်း ထင်ရှားကျော်ကြားပါသည်။ ဖိုလ်ဝင်တောင်ရှိ တောင်တန်းများ၊ လိုဏ်ဂူများတွင် မျောက်များ သဘာဝအတိုင်း ကျက်စားနေထိုင်လျက်ရှိပြီး ဘေးမဲ့ပေးကာ ထိန်းသိမ်းထားပါသည်။ ဖိုးဝန်းတောင်မကြီးနှင့် တစ်ဆက်တည်းတွင် "နွားသိုးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်၊ ဖန်ခါးတောင်နှင့် ရွှေဘတောင်" စသည်ဖြင့် တောင်များစွာရှိသည်။ တောင်တိုင်းတွင် ဘုရားနှင့် လိုဏ်ဂူများ ရှိပါသည်။