ညောင်ဦးမြို့နယ်၌ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ထွက်သလောက်ရောင်းချရခြင်းကြောင့် အဆင်ပြေနေ

Listing Description

ညောင်ဦး အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာများမှ ဖီးကြမ်းငှက်ပျောစိုက် တောင်သူများ ကိုဗစ်၁၉ ကူးစက်ရောဂါကာလဖြစ်သော်လည်း ဖီးကြမ်းငှက်ပျော ထွက်သလောက် ရောင်းချနေရကြောင်း လက်ပံခြေပေါ် ကျေးရွာငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးထံမှ သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ အုန္နဲကျောင်းအုပ်စု ကျေးရွာများသည် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား မြေအောက်ရေ အသုံးပြု၍စိုက်ပျိုးကြခြင်းနှင့် ငါ့သရောက် မြစ်ရေတင်ဖြင့်လည်းကောင်း၊ လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့်လည်းကောင်း စိုက်ပျိုးကြရာ ဖီးကြမ်းငှက်ပျောစိုက် တောင်သူများအောင်မြင်ဖြစ်ထွန်းနေကြကာ ဖီးကြမ်း ငှက်ပျောခုတ်ချိန် (ပေါ်ချိန်) ဈေးနှုန်းကောင်းကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။

လက်ပံခြေပေါ်ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ သည် ငှက်ပျောစိုက်ပျိုးခြင်းအား ဝါဆို၊ ဝါခေါင်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး ဆယ်လ၊ ဆယ့်တစ်လတွင် ငှက်ပျောစတင်ပေါ်ကာ ခုတ်သိမ်း ရောင်းချကြကြောင်း၊ ငှက်ပျောတစ်ခိုင်လုံးဈေး သည်လည်း ငှက်ပျောဖီးအရေအတွက် အပေါ်မူတည်ကာဈေးသတ်မှတ် ရောင်းချကြောင်း၊ ငှက်ပျောတစ်ဖီးကျပ် ၈၀၀ ဖြင့်ရောင်း ကြပြီး ငှက်ပျောခိုင်တစ်ခိုင် ရှစ်ဖီးပါပါက ကျပ် ၆၄၀၀ သတ်မှတ်ရောင်းချကာ ၁၀ ဖီးခိုင်တစ်ခိုင် ကျပ် ၈၀၀၀ သတ်မှတ်ရောင်းချကာ ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျော မှန်သမျှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်သော်လည်း ဈေးနှုန်းကောင်းဖြင့်ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။

ငှက်ပျောသီးနှံစိုက်ပျိုးခြင်းသည် အလုပ်များနေ၍ ပစ်ထားလျှင်ပင် မသေဘဲ ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသင့်သည့် သီးနှံအမျိုးအစားဖြစ်ကြောင်း ငှက်ပျောစိုက် တောင်သူများကပြောပြကာ ဖီးကြမ်းငှက်ပျောသီးနှံ တစ်ဧကလျှင် တစ်နှစ်အတွင်း ကျပ်သိန်း ၅၀ ဝင်ငွေရှိပြီး လေးနှစ်ထိ တစ်ပင်ပြီးတစ်ပင်သားတက်ယူကာ ငှက်ပျော ခြံအား ပြုပြင်စိုက်ပျိုးကြောင်းသိရပြီး ငှက်ပျောခြံထိ ငှက်ပျောပွဲစားများ လာရောက်ဝယ်ယူခြင်းနှင့် ကားလမ်းမကြီးချရောင်းချခြင်းနှင့် ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူမြို့ ငှက်ပျောပွဲစားများလာရောက် ဝယ်ယူ ကြကြောင်း၊ ပခုက္ကူမြို့ဘက်က လက်ပံခြေပေါ် ငှက်ပျောစိုက်တောင်သူများအတွက် အဓိကဈေးကွက်ဖြစ်ကြောင်းလည်း ငှက်ပျောစိုက်တောင်သူများက ရှင်းပြ၍သိရသည်။

ကိုထိန်(ပြန်/ဆက်)