မြို့မကိုပေါ (၁၉၂၇ - ၂၀၂၂)

Listing Description

မန္တလေးမြို့ရှိ ထင်ရှားသော မြို့မတူရိယာအသင်းမှ ဂီတစာဆိုကြီး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၉ တွင် အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့က မန္တလေး၊ ဒါးတန်းရပ်၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးကျော်စိုးဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်တွင် မြို့မတူရိယာဝိုင်း၌ ဆက်ဆိုဖုန်း မှုတ်သူအဖြစ်မှ စတင်၍ ဂီတလောကသို့ ရောက်ရှိခဲ့သည်။ မန္တလေးရုပ်ရှင်ခေတ် ကင်မရာဆရာဖြစ် လုပ်ကိုင်ခဲ့၍ ၁၉၄၉-ခုနှစ်မှ သီချင်းများ စတင်ရေးသားခဲ့သည်။ သင်္ကြန်မိုး ရုပ်ရှင်ကား (၁၉၈၅)မှ နှစ်ကိုယ်တူ ချစ်သမျှ သီချင်းနှင့် ဒဏ္ဍာရီ(၁၉၉၁) ရုပ်ရှင်ကားမှ အောင်ဇေမင်္ဂလာ သီချင်းများမှာ အထူးထင်ရှားခဲ့သည်။ ချစ်အာရုံ၊ နှစ်ကိုယ်တူချစ်သမျှ၊ ပန်းမျိုးတစ်ရာ၊  ချစ်မဏ္ဍိုင်၊ နှုတ်ခွန်းဆက် သင်္ကြန်၊ ချစ်သူနဲ့သာဆိုပါရင်၊ ချစ်ကမ္ဘာထဲ နှစ်ယောက်ထဲ၊ မောင်မယ်တို့နှစ်ဦး၊ မခွဲတမ်းကြင်မယ် စသည့်တေးသီချင်း များမှာလည်း လူသိများထင်ရှားသည်။ ၁၉၆၁ ခုနှစ်အတွက် ကိုယ်ပိုင်မေတ္တာဇာတ်ကားဖြင့် ဓာတ်ပုံထူးချွန်ဆုကို ဦးလူကလေးနှင့် ပူးတွဲရရှိခဲ့သည်။

ကိုယ်တိုင်ဖြတ်သန်း တွေ့ကြုံခဲ့ရသည့် ဘဝဖြတ်သန်းမှု မှတ်တိုင်များနှင့် မြို့မတူရိယာအသင်းကြီးအကြောင်း စသည့် အနုပညာသက်တမ်းတလျှောက် ဖြတ်သန်းမှုများကို ရေးသားထားသည့် "အတိတ်လမ်းသို့ အလွမ်းပြေ" စာအုပ်မှာ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထွက်ရှိခဲ့သည်။

မြို့မတူရိယာ အသင်းကြီးတွင်လည်း မျိုးဆက်သစ် လူငယ်များကို ဂီတဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင် ကြားပေးခဲ့ပြီးမြို့မတူရိယာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ်ရှိပြီဖြစ်သည်။ 

ဆက်စပ်ဖတ်ရှုရန်