မဟာအံ့ထူးကံသာဆုတောင်းပြည့်မြတ်စွာဘုရား

Listing Description

မဟာအံ့ထူးကံသာဆုတောင်းပြည့်မြတ်စွာဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ လားရှိုးမြို့သို့အသွားလမ်းပေါ်၊ ရေငယ်ကျေးရွာအလွန်၊ ဓမ္မရတီကုန်းမြင့်နေရာပေါ်တွင် ကြည်ညိုသပ္ပါယ်ဖွယ် တည်ရှိပါသည်။ ပြည်ချစ်ဘုရားဟုလည်း ခေါ်တွင်သော မဟာအံ့ထူးကံသာဆုတောင်းပြည့်မြတ်စွာဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၅ ပေ၊ ဒူးတော်နှစ်ဘက်အကွာအဝေး ၈ ပေ ၆ လက်မနှင့် အလေးချိန် ၁၇ တန်ခန့်ရှိပြီး ကြည်ညိုဖွယ်ရာ ထုဆစ်ပူဇော်ထားသည့် စကျင်ကျောက်ဆင်းတုရုပ်ပွားတော်ဖြစ်ပါသည်။ မဟာအံထူးကံသာဆုတောင်းဘုရားကြီ၏ သမိုင်းအကျဉ်းမှာ မန္တလေးမြို့ အောင်သီဟကျောက်ဆစ်လုပ်ငန်းမှ ယခုဆင်းတုတော်ကြီးကို ရွှေလီမြို့သို့ ပင့်ဆောင်ရန် မော်တော်ယာဉ်ဖြင့် မန္တလေးမှ သယ်ဆောင်လာစဉ် ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာအလွန် မန္တလေး-လားရှိုးကားလမ်း မိုင်တိုင် ၄၇/၁ အရောက်တွင် မော်တော်ယာဉ်တိမ်းမှောက်ပြီး ဆင်းတုတော်ကြီးမှာ ကားပေါ်မှကျ၍ မြေခခဲ့ပါသည်။ ဆင်းတုတော်ကြီး မြေခသည့်ရက်မှာ မြန်မာသက္ကရာဇ် ၁၃၅၈ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့ (၁၉၉၇ ခုနှစ် ဧပြီလ ၆ ရက်) တနင်္ဂနွေနေ့ ၁၁ နာရီအချိန်ခန့်ဖြစ်သည်။ ဆင်းတုတော်ကြီးအား ရွှေလီမြို့သို့ ဆက်လက်ပင့်ဆောင်ခြင်းမပြုတော့ပဲ လက်ရှိနေရာတွင် ပူဇော်ရန်ဆောင်ရွက်ခဲ့ရာ ၁၉၉၇ ခုနှစ် မေလ ၉ ရက်နေ့တွင် ဝန်ချီစက်ဖြင့် ပင့်ဆောင်မယူပြီး ၁၉၉၇ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ယာယီစံကျောင်းသို့ ပင့်ဆောင်အပူဇော်ခံခဲ့သည်။ ဆက်လက်၍ ဆင်းတုတော် အစဉ်အမြဲကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋိတိုက်စေတီတော် တည်ဆောက်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ကြရာ ၁၃၆၁ ခုနှစ် တပေါင်းလပြည့် (၂၀၀၀ ခုနှစ် မတ်လ ၁၉ ရက်) နေ့တွင် ဆင်းတုတော်ကြီးကို ယာယီစံကျောင်းမှ စေတီတော်၏ ဂန္ဓကုဋိတိုက်အတွင်းသို့ ပင့်ဆောင် ပူဇော်နိုင်ခဲ့ပါသည်။ ၁၃၆၁ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက် (၂၀၀၀ ခုနှစ် ဧပြီလ ၁၁ ရက်)နေ့တွင် ဗုဒ္ဓဘိသေကအနေကဇာတင်နှင့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား ဂန္ဓကုဋိတိုက် စေတီတော်ကြီး၏ ရွှေထီးတော် တင်လှူပွဲမင်္ဂလာအခမ်းအနားကို ကျင်းပပြီးစီးခဲ့ပါသည်။ ယခုအခါ မဟာအံ့ထူးကံသာဆုတောင်းပြည့် (ခေါ်) ပြည်ချစ်ဘုရားကြီးသည် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမျှော်သူများနှင့် အစဉ်အမြဲ စည်ကားလျက်ရှိပြီး နှစ်စဉ်ဘုရားပွဲတော်များ ကျင်းပလေ့ရှိသကဲ့သို့ တန်ဆောင်မုန်းလ၌လည်း ပြင်ဦးလွင် မီးပုံပျံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-06-12 12:13:31

အားလုံးကိုဘဲကျေးဇူးတင်ပါတယ်။