လွင်မိုး

Listing Description

၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အဖ ဦးမြင့်လွင်နှင့် အမိ ဒေါ်လေးရှင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်မိုးလွင် ဖြစ်သည်။ အနုပညာလောကထဲ စတင်ဝင်ရောက်ချိန်တွင် နာမည် မောင်မိုးလွင်ကို ရှေ့နောက်ပြောင်းပြီး လွင်မိုးဟု မှည့်ခေါ်ခဲ့သည်။ ဒါရိုက်တာ မောင်သီ၏ညီတော်စပ်သည်။

၁၉၈၉-၁၉၉၀ ခုနှစ်တွင် ဒါရိုက်တာ မောင်နီလွင်(သပြု)၏ ကြွေနေပြီ ဗီဒီယို ဇာတ်ကားဖြင့် အနုပညာလောကထဲသို့ စတင် ဝင်ရောက် လာခဲ့သည်။  ၁၉၉၀-၉၁ ခုနှစ်တွင် ခိုင်မာလာနှင်းဆီ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်များ စတင်သိရှိလာခဲ့သည်။ ရင်ထဲက ဆောင်းရာသီ (၁၉၉၉)၊ ပန်းတပွင့် ဖန်ဆင်းခြင်း (၂၀၀၁) နှင့် တခါကဧရာဝတီညများ (၂၀၀၅) တို့ဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုများ ရရှိခဲ့သည်။

မြန်မာပြည်အနှံ့ သွားရောက်ကာ ဝါသနာအလျောက် ဓာတ်ပုံများ ရိုက်ယူခဲ့ပြီး တခြားသော ဓာတ်ပုံပညာရှင်များနှင့် ပူးပေါင်း၍ ဓာတ်ပုံပြပွဲများလည်း ပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်၊ နတ်မတောင် နှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးကာ "လွင်မိုးခရီးသွားနေသည်" ခေါင်းစဉ်ဖြင့် MRTV4 တွင် ထုတ်လွှင့်ပြသခဲ့သည်။ ထို့နောက် မြိတ်ကျွန်းစုဒေသနှင့် ဧရာဝတီ လင်းပိုင်များ အကြောင်းကိုလည်း မှတ်တမ်း ရုပ်ရှင် များ ရိုက်ကူးခဲ့ပြီး မြိတ်ကျွန်းစုများအကြောင်းကိုလည်း ထုတ်လွှင့် ပြသခဲ့သည်။

သတင်းကြေညာသူ မေသူ နှင့်လက်ထပ်ကာ ယွန်းဝတီလွင်မိုး နှင့် ယုဝတီလွင်မိုး အမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။