လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့မှ ၇ မိုင်အကွာ၊ လောကနန္ဒာစေတီတော် တောင်ဘက်အနီး၊ ညောင်ဦး-ချောက်မြို့သွား ကားလမ်း၏ လက်ယာဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ၀.၄၇ စတုရန်းကီလိုမီတာ (၁၀၈ ဧက) ကျယ်ဝန်းပြီး ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးကို (၁၇-၉-၁၉၉၆)နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ညောင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနသို့ (၅-၆-၉၇)နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ယနေ့ထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အပူပိုင်းဒေသတွင် တည်ရှိပြီး ညီညာပြန့်ပြူးသော မြေမျက်နှာပြင် အနေအထားရှိပြီး သဲဆန်သောမြေ အမျိုးအစားဖြစ်သည်။ ဘေးမဲ့တောဧရိယာကို အပူပိုင်းခြောက်သွေ့တောများ (တောခြောက်တော) ဖုံးလွှမ်းထားပြီး သမင်မျိုးစိတ် ၄ မျိုးနှင့် နှင့် အဓိကအားဖြင့် ကြယ်လိပ်များကို ထိန်းသိမ်းထားသည်။

အပူပိုင်းဒေသ ပေါက်ပင်များဖြစ်သည့် ရှား၊ ထနောင်း၊ ဆီး၊ မန်ကျည်း၊ တမာ၊ ညောင်၊ လက်ပံ၊ ဆူးဖြူ စသည်တို့မှာ သဘာဝအလျှောက် ပေါက်ရောက်လျက်ရှိပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း အခြားသစ်ပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးထားသည်။ လက်ရှိတွင် သစ်မျိုး ၉၀ ၊ ပရဆေးပင် ၁၆၀ မျိုး၊ ဝါး ၄ မျိုးနှင့် ပန်းအလှပင် ၃၂ မျိုးတို့ကို မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

သဘာဝအတိုင်းကျက်စားရန် လွှတ်ထားသော တိရစ္ဆာန်များမှာ ဆတ်၊ တောယုန်၊ ကြောင်ဝံပိုက်၊ ဂင်လိပ်၊ ကြိုးကြာ၊ ဒေါင်း၊ ကြက်တူရွေးတို့ ဖြစ်ပြီး ဝင်းခြံခတ် မွေးမြူထားသော တိရစ္ဆာန်များမှာ သမင်၊ ကြယ်လိပ်၊ တိုက်လိပ်နှင့် သင်္ဘောယုန်၊ ကြက်တူရွေးနှင့် သဘာဝအတိုင်း ကျက်စားကြသော သားငှက်တိရစ္ဆာန်များမှာ ငှက်မျိုးစိတ် ၅၀ မျိုး၊ ချေ၊ ကြောင်ဝံပိုက်၊ ကြောင်နံသာ၊ လင်စိုင်ပြောက်၊ တောယုန်၊ ဖွတ်၊ ပွေး၊ ပုတက်၊ ရှဉ့်၊ သစ်စွေ့၊ လိပ် ၄ မျိုး၊ မြွေ ၈ မျိုးတို့ ဖြစ်သည်။

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

- မြန်မာနိုင်ငံအလယ်ပိုင်း သဘာဝရှေးဟောင်း အမွေအနှစ် ဖြစ်သည့် ဘုရားစေတီပုထိုးများနှင့်သဘာဝတောကျန်များကိုလေ့လာ နိုင်ခြင်း၊

- ဥယျာဉ်အတွင်းရှိ ရှေးဟောင်းစေတီပုထိုးများတွင် အေးချမ်းစွာ တရားဘာဝနာ ကျင့်ကြံ အားထုတ် ပွားများနိုင်ခြင်း၊

- ဥယျာဉ်အတွင်း ဧရာဝတီမြစ်ကမ်းဘေး၌ ဆောက်လုပ်ထားသော ရှုခင်းသာဆောင်များတွင် အေးအေးလူလူ အနားယူအပန်းဖြေနိုင်ပြီး ဧရာဝတီမြစ်၏ သဘာဝရှုခင်းအလှကို ထိတွေ့ခံစားနိုင်ခြင်း၊

- တောင်အင်းအတွင်း လာရောက်ကျက်စားသော ရေပျော်ငှက်များကို အသင့်ဆောက်လုပ်ပေးထားသော ငှက်ကြည့်စင်များမှ နေ၍ ကြည့်ရှု လေ့လာနိုင်ခြင်း၊

- ဥယျာဉ်အတွင်း ပြုလုပ်ပေးထားသော ထန်းလုံးတဲများ၊ ထိုင်ခုံများတွင် အနားယူ အပန်းဖြေနိုင်ခြင်း၊

- ရှားပါးမျိုးစိတ်များဖြစ် သည့် ရွှေသမင်နှင့် ဆတ်၊ ဒရယ်၊ ဒေါင်း၊ ကြိုးကြာ၊ တိုက်လိပ်၊ လိပ်မောင်း၊ ကြယ်လိပ်များကို လေ့လာနိုင် ခြင်း နှင့် သုတေသနပြုလုပ်ခြင်း၊

- အပန်းဖြေ အနားယူနိုင်ခြင်း၊ အပူပိုင်းဒေသ တွင်ပေါက်ရောက် သော သစ်မျိုးများနှင့် ကျက်စား လျက်ရှိသော ငှက်မျိုးစိတ် တို့ကို သုတေ သနပြုလုပ်နိုင်ခြင်း။