ကျွန်းတောလမ်းရှိသိမ်ကျောင်းတိုက်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနှင့် ဗားကရာလမ်းထောင့်တွင်တည်ရှိသည်။ ကျွန်းတောကျောင်းတိုက်မှာ တောင်ကုန်းငယ်တစ်ခု၏ ထိပ်ဖျားပေါ် တည်ဆောက်ထားပြီး အတော်အတန် ကျယ်ဝန်းသည်။ ခရစ်သက္ကရာဇ် ၁၈၉၀ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ သိမ်ကျောင်းဆောင်မှာ ၁၈ မီတာ မြင့်ပြီး ၁၈ မီတာ ရှည်လျားသည်။ ပြည်တွင်းဗိသုကာရှင်များ၏ စိတ်ကူးစိတ်သန်းကောင်းလှသော အဆောက်အအုံအတွင်းအပြင် လက်ရာများမှာ ဆွဲဆောင်မှုရှိလှပါသည်။ ကွန်ကရစ်အဆောက်အဦဖြစ်သော်လည်း အုတ်နီခဲမှသည် သစ်သားများအထိ ပစ္စည်းအမျိုးမျိုးသုံး၍ ပုံဟန်အသွယ်သွယ်ဖြင့် တန်ဆာဆင်ယင်ထားပါသည်။ ၁၉၈၆ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင်တစ်ကြိမ် ပြန်လည်မွမ်းမံခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်သော အဆောက်အအုံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။