ကြေးမြင်မိဖုရားကျောင်း (ရန္တပိုရွာစားကျောင်း)

Listing Description

ကြေးမြင်မိဖုရားကျောင်း ( ရန္တပိုရွာစားကျောင်း) သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၊ အရှေ့ပြင် ၆၂ လမ်း ( ၂၃ လမ်းနှင့် ၂၄ လမ်းကြား)၊ မဟာဝိသုဒ္ဒါရာမကျောင်းတိုက်ဝင်းအတွင်းတွင် ကုန်းဘောင်ခေတ်ဗိသုကာလက်ရာများဖြင့် တန်ဆာဆင်အလှခြယ်သထားသော ရှေးဟောင်းကျောင်းဆောင်ကြီး ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် ဝန်းကျင်တွင် ရန္တပိုရွာစားက တည်ဆောက်လှူဒါန်းခဲ့ပြီး သက္ကရာဇ် ၁၂၇၃ ခုနှစ်တွင် မင်းတုန်းမင်း၏ မိဖုရား ကြေးမြင်တိုက်စား သုသီရိပဘာမဟေသီက ပြန်လည်ပြုပြင် တည်ဆောက်လှူဒါန်းခဲ့သဖြင့် ကြေးမြင်မိဖုရားကျောင်းဟု လူသိများ ထင်ရှားခဲ့ပါသည်။ တိုင်လုံးပေါင်း ၉၉ တိုင်ရှိသောကြေးမြင်မိဖုရားကျောင်းကြီးသည် ခြေတံရှည်နှစ်ထပ်သစ်သားကျောင်းကြီးဖြစ်ပြီး အောက်ထပ်ကို သစ်သားရာဇမတ်ကွက်များဖြင့် ကာရံထားကာ မြောက်ဘက်ကို မျက်နှာမူတည်ဆောက်ထားပြီး ခေါင်သုံးဆင့်ခံ လှေကားနှစ်စင်း တပ်ဆင်ထားပါသည်။ လှေကားပွတ်လုံးများနှင့် လက်ရန်းဘောင်များတွင် လက်ရာမြောက်၍ လှပဆန်းကြယ်သော ပန်းကနုတ်များဖြင့် တန်ဆာဆင်ထားပြီး လှေကားဆောင်မှ ကျောင်းအတွင်းအဝင်တံခါးများကို ဘီလူးထမ်းသားမြီးရပ်ကိုင် နတ်ဒေဝါရုပ်တုများ ထုလုပ်အလှဆင်ထားပါသည်။ ကျောင်းကြီးအပေါ်ထပ်တွင် ရှေးဟောင်းသစ်သားဘီရိုများ၊ သစ်သားစာတိုက်များ၊ ပုံသဏ္ဌာန်လက်ရာအမျိုးမျိုးရှိသော သစ်သားဘုရားကျောင်းဆောင်များ၊ မျက်နှာကျက်များ မာရဘင်များတွင် ထုလုပ်အလှဆင်ထားသော သစ်သားပန်းပုလက်ရာများ၊ သံဃိကပစ္စည်းအမျိုးမျိုးနှင့် ဆွမ်းအုပ်၊ ဒေါင်းလန်းစသော ရှေးဟောင်းပစ္စည်းအမျိုးမျိုးကို လေ့လာနိုင်ပါသည်။ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ဝင်းအတွင်း၌ ကြေးမြင်မိဖုရားကျောင်းကဲ့သို့ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင်များဖြစ်သည့် မိုးကောင်းမိဖုရားလှူဒါန်းခဲ့သော မိုးကောင်းကျောင်း နှင့် ရမည်းသင်းမိဖုရား လှူဒါန်းခဲ့သော ရမည်းသင်းကျောင်းတို့ကိုလည်း လေ့လာတွေ့မြင်နိုင်သည်။ 

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-08-23 15:29:09

ဖြည့်စွက်ပါသည်

မန္တလေးမြို့တွင်တည်ရှိသည့် သမိုင်းဝင် တော်ဝင်ဘုန်းတော်ကြီကျောင်းတစ်ခုဖြစ်သည်။ ကျောင်းတော်သည် ၆၂ လမ်းတွင် တည်ရှိပြီး မူလက ရန္တပိုရွာစားက ၁၈၇၈ ခုနှစ်တည် ဆောက်ခဲ့သည်။ ထိုကျောင်းတော်ကို မင်းတုန်းမင်း၏ ကြင်ရာတော်ငယ်တစ်ပါးဖြစ်သည့် ကြေးမြင်မိဖုရားက ပြုပြင်ခဲ့သည်။