ကျောက်တော်ကြီးဘုရား

Listing Description

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ဥပုတ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရင်း သုဓမ္မာဇရပ်များအနီးတွင် တည်ရှိပြီး ဉာဏ်တော်အမြင့်မှာ ၂၆ ပေ၊ ၆ လက်မ ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၂၆-ခုနှစ်၌ မတ္တရာမြို့ရှိ စကျင်တောင်မှ ရရှိသော တစ်လုံးတစ်ခဲတည်းသော စကျင်ကျောက်ကြီးကို ပုံတော်ကြမ်း ထုဆစ်စေခဲ့ပြီး မန္တလေးသို့ သယ်ဆောင်ယူကာ မင်းတုန်းမင်းကိုယ်တိုင် မျက်ခုံး၊ မျက်ရေးတို့ကို ရေးဆွဲလျက် မဟာသကျမာရဇိန်ဟု ကမ္ပည်းတင်ခဲ့ပါသည်။သို့ရာတွင် ကျောက်တော်ကြီးဘုရား ဟူ၍ထင်ရှားသည်။ ဘုရားပရိဝုဏ်အကျယ် ၄.၂၅ ဧက ရှိပြီး ဘုရားပရိဝုဏ်အတွင်း လက်ျာတော်ရံ ရဟန္တာ ၄၀ ပါး၊ လက်ဝဲတော်ရံ ရဟန္တာ ၄၀ ပါး စုစုပေါင်း ၈၀ ပါးကို တစ်ပါးစီ အုတ်ကျောင်းဆောင်များနှင့် တည်ထားပါသည်။အရှေ့ဘက်စောင်းတန်းတွင် အမြင့် ၃ ပေ ၈ လက်မ၊ အဝအကျယ်လုံးပတ် ၁၅ ပေ ၅ လက်မရှိ ကြီးမားသော ကျောက်သပိတ်ကြီးကိုလည်း တွေ့မြင်နိုင်သည်။ ကျောက်တော်ကြီးဘုရားပွဲကို နှစ်စဉ်အတိုင်း သီတင်းကျွတ်လဆန်း ၁၃ ရက်မှ လပြည့်ကျော် ၇ ရက်အထိ စည်စည်ကားကား ကျင်းပကြပါသည်။