ကိုကြည် (ပြင်ဦးလွင်) (၁၉၄၅-၁၉၉၆)

Listing Description

ကိုကြည် (ပြင်ဦးလွင်) ကို အဘ ဗိုလ်မှူးကြီး ဘကြင်၊ အမိ ဒေါ်သန်းသန်းတို့မှ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သားအကြီးဆုံး ဖြစ်သည်။ အမည်ရင်းမှာ ခင်မောင်ကြည် ဖြစ်သည်။ အသက် ၁၅ နှစ်တွင် ဆယ်တန်း အောင်မြင်ခဲ့ပြီး အသက် ၁၆ နှစ်တွင် စစ်တက္ကသိုလ် တက်ရောက်ခဲ့သည်။

၁၉၆၆ ခုနှစ်တွင် အမှတ် (၈) ဗိုလ်လောင်းသင်တန်းမှ အောင်မြင်ခဲ့၍ ဒုတိယဗိုလ် အဆင့်ဖြင့် တပ်မတော် (လေ) တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ လေသူရဲ အဖြစ်ဖြင့် ၁၉၆၇ ခုနှစ်တွင် ဗိုလ်အဆင့်၊ ၁၉၇၀ ပြည့်နှစ်တွင် ဗိုလ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ ၁၉၇၆ ခုနှစ်တွင် စစ်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် တပ်မတော်မှ မိမိ ဆန္ဒအလျောက် အနားယူခဲ့၍ စာပေ သင်ကြားခြင်းဖြင့် နေထိုင်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် စာပေဗိမာန်ဆုကို "ဂျက်လန်ဒန်၏ လက်ရာမွန်သုံးပုဒ်" စာမူဖြင့် ဘာသာပြန် စာပေ (ပထမဆု) ကို လည်းကောင်း၊ (၄၈) နှစ်မြောက် တပ်မတော်နေ့ စာပေပြိုင်ပွဲ ဝတ္ထုတို (ဒုတိယဆု)ကို လည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် စာပေဗိမာန် စာမူဆုကို "ဘဝဆိုတာ သည်လိုပါ" စာမူဖြင့် ဘာသာပြန် (ပထမဆု) ကို လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် စာပေဗိမာန် စာမူဆုကို "ပွဲတွေ့ မှတ်ဉာဏ် ထက်မြက်နည်းများ" စာမူဖြင့် ဘာသာပြန် စာပေ (ပထမဆု) ကို လည်းကောင်း ရရှိခဲ့သည်။ ၁၉၉၃-၉၄ ခုနှစ်တွင် New Light of Myanmar သတင်းစာတွင် အထူးတာဝန် (စာတည်း) အဖြစ် တာဝန် ယူခဲ့သည်။ ပြန်ကြားရေး ဝန်ကြီး ဌာန ဘာသာပြန် သင်တန်းများတွင် ဆရာ အဖြစ် စေတနာ့ဝန်ထမ်း တာဝန် ယူခဲ့သည်။ စာရေးဆရာ၊ ဘာသာပြန် ဆရာ အဖြစ် လည်းကောင်း၊ ချယ်ရီဟေးလ် ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ အဖြစ် လည်းကောင်း၊ Business Advisory Group တွင် ဒါရိုက်တာ အဖွဲ့ဝင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဆရာ ကိုကြည် (ပြင်ဦးလွင်) သည် ၂၁၊ ၄၊ ၉၆ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

ဂျက်လက်ဒန်၏ လက်ရာမွန် သုံးပုဒ် ၁၉၉၃

ဘဝဆိုတာ သည်လိုပါ ၁၉၉၅

ပွဲတွေ့ မှတ်ဉာဏ် ထက်မြက်နည်းများ ၁၉၉၆