အလောင်းတော်ကဿပ

Listing Description

အလောင်းတော် ကဿပသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် တည်ရှိပြီး ပုံတောင်၊ ပုံညာနှင့် မဟူရာတောင် သုံးလုံးဆုံရာရှိ ပိတ်နေသော အုတ်ဂူတွင် အရှင်မဟာကဿပ၏ ရုပ်ကလာပ် အလောင်းတော်ရှိသည်ဟု အများယုံကြည်ကြသော နာမည်ကျော် ဘုရားဖူး ခရီးသွားရာအရပ်ဖြစ်သည်။ အမှန်တကယ် မည်သည့် အလောင်းတော်ဖြစ်သည်နှင့် တည်နေရာ ရှင်းလင်းချက်တွင်မူ မူကွဲများရှိသည်။ မုံရွာမြို့ အနောက်မြောက်ဘက် မိုင် ၆၀ ခန့်အကွာ တောင်များ အကြား၌တည်ရှိသည်။ အလောင်းတော် ကဿပသို့  မုံရွာမြို့မှလည်းကောင်း၊ ကနီမြို့မှလည်းကောင်း၊ တောင်ခြေစခန်းရွာသို့ ကားဖြင့်သွားနိုင်သည်။ အလောင်းတော်တည်ရာ ကွက်လပ်ထိပ်အပြင်သည် အလျားပေ ၁ဝဝ၊ အနံပေ ၆ဝ ထက် ပို၍မကျယ်ချေ။ အလောင်းတော်တန်ဆောင်းသည် နှစ်ဆောင်တွဲဖြစ်ပြီး အရှေ့မြောက်ဘက်အဆောင်တွင် အလောင်းတော် ရှိသည်။ တန်ဆောင်းနှစ်ဆောင်တွဲ၍ အလျားပေ ၃ဝ၊ အနံ ၄၂ ပေခန့် ရှိသည်။ တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်မှာ ဘုရားပုံတော်မဟုတ်၊ ရဟန္တာပုံဖြစ်၍ ရောင်တော်မပါချေ။ အုတ်ရိုး အင်္ဂတေပုံတော်ဖြစ်၍ ရွှေချထားသည်။ ပုံတော်သည် လက်ယာနံတောင်းဖြင့် လျောင်း၍ လက်ယာလက်ကို ပက်လက်ဖြန့်ကာ ခေါင်းအုံးလျက် အနောက်မြောက်သို့ ဦးခေါင်းပြုထားသည်။ လျောင်းစက်နေသည့် လျောင်းတော်မူပုံတော် မဟုတ်ဘဲ ပရိနိဗ္ဗာန်စံတော်မူသည့် ပုံတော်မျိုး ဖြစ်သည်။ အလျား ၁၅ ပေ (ဆယ်တောင်) မျှ ရှိသည်။ အလောင်းတော်၏ အနောက်မြောက်ယွန်း အထက်စောင်းတန်း ကုန်းမြင့်ပေါ်တွင် ရေမပြတ်ထွက်နေသာ အနက်ငါးတောင်ခန့် မေတ္တာရေတွင်းရှိသည်။