အေဝမ်း ဆရာညှာ (၁၉၀၃-၁၉၇၈)

Listing Description

ဂီတစာဆိုနှင့် ဂီတပညာရှင် ဆရာညှာကို မြန်မာသက္ကရာဇ် ၁၂၆၅ ခုတွင် မန္တလေး တောင်ပြင် မင်္ဂလာဈေးအနီး စံကျောင်းတောင်ပေါက်၌ မွေးသည်။ မိဘများမှာ ဦးခန့်ကြီးနှင့် ဒေါ်လှတို့ ဖြစ်သည်။ တောင်ပြင်၌ မွေးသော်လည်း မွေးစတွင်ပင် မန္တလေး အနောက်ပြင် မင်းတဲအီကင်းသို့ မိဘများက ပြောင်းနေရာ အီကင်း၌ပင် ကြီးသည်။ အမည်ရင်းမှာ စိန်ဖိုး ဖြစ်သည်။ မွေးချင်း အစ်မတယောက်၊ အစ်ကိုတယောက် ရှိသည်။

ငယ်စဉ်က အိမ်အနီးရှိ သိမ်တိုက်ခေါ် ကုန်စည်တော်တိုက်ဆရာတော် ဦးနန္ဒမာလာထံ၌ ပညာသင်သည်။ အသက် ၁၀ နှစ်ကျော်တွင် သူငယ်နာမျက်စိကြောင့် အလင်းကွယ်ရာ စာသင်ခြင်းကို စွန့်လိုက်သည်။ အိမ်နားရှိ ပလွေဆရာ ဦးလှထံတွင် ပလွေမှုတ်သင်သည်။

အသက် ၁၄ နှစ်တွင် အီကင်း ဆွမ်းတော်ကြီးအရုဏ်ခံအသင်း၌ နှဲသမားမရှိ၍ နှဲဝင်မှုတ်သည်။ နှဲပညာကို မန္တလေးမြောက်ပြင်တွင် နေသည့် မထွေးလေးအငြိမ့်မှ နှဲဆရာ ဦးဆိုဘူးထံတွင် သင်သည်။ နောက် ထိုအငြိမ့်မှ ဆိုင်းဆရာ ဆရာလှ၏တူ ဆရာဌေးထံတွင် ဆက်သင်သည်။ အရုဏ်ခံအသင်းတွင် ရေကင်းသံ၊ စံရာတောင်ကျွန်း၊ စံရာဘုံမြင့်၊ ဘုန်းမိုးသွန်းလောင်း စသော သီချင်းများကို နှဲဖြင့် အသုံးတော်ခံခဲ့သည်။

သက်မွေးအလုပ်အဖြစ် ကျောက်သွေးသံပြင် လှည့်သည်။ အီကင်းရပ်၌ ကျောက်သွေးသမားများရှိရာမှ စပ်ဟပ်မိသော အလုပ်ဖြစ်သည်။ ထိုအလုပ်တွင် မောင်ဘလွင် (နောင် စာရေးဆရာ မြမျိုးလွင်) နှင့် အတော်ရင်းနှီးသည်။

တနေ့ မြန်မာညွန့် ဦးချစ်မောင်အငြိမ့်ကို သွားကြည့်ရာ နှဲသံကို သဘောကျလွန်းသဖြင့် ဦးချစ်မောင်ထံ တပည့်ခံသည်။ နှဲပညာသင်ရင်း အငြိမ့်များတွင် ချီကောက် နှဲလိုက်မှုတ်ရာ မင်းသား အောင်စည်ဗလဇာတ်တွင်လည်း နှဲမှုတ်ဖူးလေသည်။

ဘုရားပွဲကြီးများတွင် အထည်လိုက်ရောင်းသော မေမန်ရိုးကုမ္ပဏီ (Mayman Row Co.) ၏ အငြိမ့်နှင့် လိုက်ရာ သာစည်သို့အသွား ရထားပေါ်တွင် ကုမ္ပဏီကြော်ငြာသီချင်း ရေးသည်။ မန်နေဂျာ ဦးဘဌေးက လွန်စွာကြိုက်သဖြင့် ဉာဏ်ပူဇော်ခ ငွေ ၁၀၊ ရှပ်တထည်၊ တိုက်ပုံတထည် ပေးသည်။ ပထမဆုံးရေးသည့် သီချင်းလည်း ဖြစ်သည်။

မန္တလေး ဆိုင်းတန်းရုံ၌ အသံတိတ် ရုပ်ရှင်တီးဝိုင်းတွင် နှဲဆရာ ဖြစ်လာသည်။ အစ်ကိုဖြစ်သူ တေးရေးဆရာ ရတီစိန်ထံတွင် သီချင်းစပ်နည်းသင်၍ မန္တလေး သီပေါရုံတွင် ပြသည့် အသံတိတ်ကားများအတွက် ကြော်ငြာသီချင်း၊ နောက်ခံသီချင်းများ ရေးပေးသည်။ နောက် ထိုရုံတွင် ဦးကျော်အေး၏ တီးဝိုင်းတွင် နှဲဆရာ ဖြစ်လာသည်။ ထိုဝိုင်း၏ သီချင်းရေးဆရာ၊ တီးဝိုင်းအုပ် စသဖြင့် လုပ်ကိုင်သည်။ နှဲသာမက တယော၊ ထရမ်းပက်နှင့် ကလဲရီနက်များလည်း တီးမှုတ်တတ်သည်။

ရုပ်ရှင်ရုံများတွင် ရုပ်ရှင်မတင်လျှင် အငြိမ့်ကတတ်ရာ နန်းတော်ရှေ့ဆရာတင်၏အငြိမ့် သီပေါရုံသို့ လာကသည်နှင့် ကြုံသည်။ နန်းတော်ရှေ့ဆရာတင်၏ အငြိမ့်မှာ ချီကောက်ဖြစ်၍ ဆရာညှာကို အပူကပ်ကာ သူ့အငြိမ့်သို့ ခေါ်သည်။ သို့ဖြင့် ရန်ကုန်သို့ ပါလာသည်။

အေဝမ်း ဓာတ်ပြားတိုက်အတွက် သီချင်းများ ရေးပေးရာမှ အေဝမ်းဆရာညှာဟု ထင်ရှားလာသည်။ အငြိမ့်မင်းသမီး အများစုအတွက် ကိုယ်ပိုင်သီချင်းများ ရေးပေးခဲ့ပြီး ဥက္ကလာအေးကြည်၊ ဩဘာသောင်း၊ လေဘာတီမမြရင်၊ မြသောင်းခင်မှသည် ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်း၊ မှန်နန်းတင် အထိ အငြိမ့်မင်းသမီးများ ပါဝင်လေသည်။

ဒုတိယကမ္ဘာစစ်တွင် စစ်ကိုင်း၌ စစ်ရှောင်စဉ် ရွှေမန်းတင်မောင်နှင့် အဆက်အသွယ်ရသည်။ ရွှေမန်းတင်မောင် ဆိုသည့် ရဲရဲချစ် သီချင်းသည် ဆရာညှာလက်ရာ ဖြစ်သည်။

မန္တလေးမြို့မ တူရိယာဝိုင်း၏ အဖွဲ့ဝင်ဖြစ်ပြီး စစ်ပြီးစ မန္တလေးသို့ ပြန်လာစဉ် ပြည်တော်ဝင် သီချင်းကို ရေးပေးရာ အခုတိုင် သီဆိုဆဲ ဖြစ်သည်။

ဂျပန်ခေတ်အတွင်း မန္တလေး၌ အမျိုးသားလှုံဆော်ရေးတေးများ စပ်သည်။ လူထု၊ တပ်မတော်သား စသော စစ်သီချင်းများ၊ အလုပ်သမား အငြိမ့်သီချင်း စသည်တို့ ပါဝင်သည်။

စစ်ပြီးနောက်တွင် ရွှေမန်းအငြိမ့်နှင့်ပင် လက်တွဲသည်။ နာမည်ကြီးကဇာတ်များဖြစ်သော မောင်မူး၊ ရွဲကုန်သည် တို့ကို ရေးပေးခဲ့သည်။ ဂီတရူး၊ မေပန်းချီ၊ မိသားစု၊ အောင်ထူး၊ မုန်းလို့မဟုတ်ဘူး၊ ရွှေကြေးစည်၊ မဟာသမ္မတ စသည့် ကဇာတ်များ၏ နောက်ခံတေးများကို ဖန်တီးသူလည်း ဖြစ်သည်။

လွတ်လပ်ရေးရသည့်နောက် ယဉ်ကျေးမှုဌာနမှ ဆရာညှာကို ဂီတအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်ခဲ့သည်။

၁၉၇၈ ခု၊ နိုဝင်ဘာလ ၄ ရက်တွင် မန္တလေးမြို့ အီကင်းရပ်နေအိမ်၌ ကွယ်လွန်သည်။