ဖားဆောင်းမြို့ နန်းကစ်ကျေးရွာရှိ မယ်ထောက်နွန်း သဘာဝလိုဏ်ဂူအား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်မည်

Listing Description

ဖားဆောင်း      ဇန်နဝါရီ    ၂၅

ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု   ဦးစီးဌာနက  ပြည်တွင်းပြည်ပခရီးသွား ဧည့်သည် များ လာရောက်လေ့လာ  လည်ပတ် နိုင်ရန်အတွက်   ကယားပြည်နယ် ဒေသဆိုင်ရာ  ခရီးသွားကော်မတီ အဖွဲ့ဝင်များ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့်  ဟိုတယ် လုပ်ငန်းရှင်များအသင်း (ကယားဇုန်)အဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားများ လေ့လာ လည်ပတ်နိုင်ရန် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာရှိ မယ်ထောက်နွန်း သဘာဝလိုဏ်ဂူအား ခရီးစဉ် ဒေသသစ်တစ်ခု ဖြစ်ပေါ်လာရေး ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ် တာဝန်ခံ ဦးလင်းဇော်ထွဋ် ၏ ပြောကြားချက်အရ သိရသည်။

“မယ်ထောက်နွန်း သဘာဝလိုဏ်ဂူဟာ လွိုင်ကော်ကနေလာမယ်ဆိုရင် ဖားဆောင်းကို တစ်နာရီခွဲ နှစ်နာရီလောက် လာရမယ်။ ဖားဆောင်းမရောက်ခင် ပါပု - နန်းကစ် လမ်းခွဲကနေ ဝင်လာမယ်ဆိုရင် လေးမိုင်ခန့်အကွာအဝေးမှာ ရှိပါတယ်။  ဒီမယ်ထောက်နွန်း   သဘာဝလိုဏ်ဂူဟာ တကယ့်ကို သဘာဝ အလှအပတွေ မပျက်စီးသေးဘဲနဲ့ တည်ရှိနေပြီးတော့ ပြည်တွင်းပြည်ပခရီးသွား တွေအတွက် ခရီးစဉ်ဒေသတစ်ခုဖြစ်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လာရောက်ကွင်းဆင်းခြင်းဖြစ်ပါတယ်။ ဖားဆောင်း မြို့နယ်မှာရှိတဲ့ မြို့နယ်သံဃနာယကဆရာတော်ကြီး ဦးစီးပြီးတော့ လမ်းပြုပြင် ရေးတွေ ဆောင်ရွက်နေတာရှိပါတယ်။ ပြည်သူလူထုပူးပေါင်းပါဝင်ပြီးတော့ ဂူအတွင်းပိုင်းလမ်းတွေ၊ လျှပ်စစ်မီးတွေ သွယ်တန်းလို့ရအောင် အများပြည်သူ လှူဒါန်းထားတဲ့ လှူဒါန်းမှုနဲ့ဆောင်ရွက်နေတာ  တွေ့ရတယ်။ ကျွန်တော်တို့ ဒီမယ်ထောက်နွန်း သဘာဝလိုဏ်ဂူကို ဝင်ရောက်ကြည့်ရှုတဲ့ အနေအထားကတော့ ဂူထိပ်ကနေအဆုံးထိကို ပေ ၆၀၀ နီးပါးလောက် ရှိပါတယ်။ အကျယ်အဝန်းက  အနည်းဆုံးအကျယ် ပေ ၆၀ ကနေ ပေ ၁၀၀ ကြားရှိပြီး လူသက်သောင့်သက်သာ သွားနိုင်တဲ့ အနေအထားလည်းရှိတယ်။ လျှပ်စစ်မီးလည်း ထွန်းထားပြီးသားဖြစ်တဲ့ အတွက် သွားရလာရလည်း လွယ်ကူပါတယ်။ သဘာဝအလှတွေ လုံးဝမပျက်စီး သေးဘဲနဲ့ သဘာဝကျောက်စက် ပန်းဆွဲတွေရှိတဲ့၊ သဘာဝကျောက်စက်ရေတွေ ကျနေတဲ့နေရာတွေလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် မယ်ထောက်နွန်း သဘာဝ လိုဏ်ဂူဟာ တကယ့်ကို သဘာဝမပျက်စီးဘဲနဲ့ ရှိနေတဲ့လိုဏ်ဂူတစ်ခုလို့ ယုံကြည် ပါတယ်။ ပြည်တွင်းပြည်ပခရီးသွားများလည်း နှစ်ခြိုက်မယ်လို့ ယုံကြည်ပါတယ်။   ဒီမှာ တစ်ခုလုပ်စရာရှိတာကတော့ ပါပု-နန်းကစ်ကနေဝင်လာတဲ့ လေးမိုင်လောက် မြေသားလမ်းပဲ ရှိသေးတဲ့ခါကျတော့ ဒါလေးကို လမ်းခင်းဖို့ကျန်မယ်။  ပြီးလို့ရှိရင် ဒီထဲမှာလည်း ဆရာတော်တို့ အစီအစဉ်နဲ့ လျှပ်စစ်မီးသွယ်တန်းထားပေမယ့် နောက်ပိုင်းဆို ကျွန်တော်တို့  လျှပ်စစ်မီးရရှိလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဘာကြောင့်လဲဆိုရင် ခရီးသွားလုပ်ငန်းလုပ်ခြင်းအားဖြင့် နောက်ပိုင်း အကျိုး ကျေးဇူးကတော့ ဒီပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာလူထုတွေရဲ့ လူမှုစီးပွားဘဝ တွေ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးလင်းဇော်ထွဋ်က ပြောသည်။

ဖားဆောင်းမြို့နယ်တွင် သဘာဝလိုဏ်ဂူတစ်ခု တွေ့ရှိသည့်အတွက် သဘာဝအခြေခံ ခရီးသွား လုပ်နိုင်သည့် Eco- Tourism နေရာတစ်ခုလည်း ရမည်ဖြစ်ပြီး လိုဏ်ဂူမှဆက်ဆင်းသွားမည် ဆိုလျှင် ရွာသစ်တွင်ရှိသည့်  နှစ် ၁၀၀ ကျော် သက်တမ်းရှိ  ဘုန်းကြီးကျောင်းရှိသည်။ ဘုန်းကြီးကျောင်း၌ အထူးခြားဆုံးမှာ ရှေးဟောင်းဆင်စွယ်ကြီး နှစ်ချောင်းရှိသည့်အတွက် ဆင်စွယ်ကျောင်းဟု ခေါ်ကြသည်။ ထို့အပြင် ဘုရားဆင်းတုတော်များ ထုဆစ်ထားသည်ကို အံ့မခန်းတွေ့ရမည်ဖြစ်ပြီး ဝိုဟရေတံခွန်နှင့် သံလွင်မြစ်ကမ်းအလှများကို သွားရောက်လေ့လာနိုင်မည်ဖြစ်သည်။

ကိုစိုင်း (လွိုင်ကော်)