ကံရွာရုပ်စုံကျောင်း

Listing Description

ကံရွာရုပ်စုံကျောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မင်းကင်းမြို့မှ မြောက်ဘက် သုံးမိုင်ခန့်ကွာဝေးသော ကံရွာတွင် တည်ရှိပါသည်။ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် ကံရွာသူရွာသားများဖြစ်သော ကျောင်းဒါယကာ ဦးထိန်သီနှင့် ဒါယိကာမ ဒေါ်ကျေးအုံတို့က သုံးထပ်လည်ပေါ်ကျောင်းဆောင်ကြီးကို ပထမဆုံး ဆောက်လုပ်လှူဒါန်းခဲသည်ဟု သိရပြီး သက္ကရာဇ် ၁၂၄၆ ခုနှစ် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ဦးထိန်သီ၊ ဒေါ်ကျေးအုံတို့၏ သမက် ဦးစံဝင်းနှင့် သမီး ဒေါ်ရွှေသင်းတို့ ဇနီးမောင်နှံမှ မူလကျောင်းဆောင်ကြီးတွင် ဇာတ်ကြီးဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ သရုပ်ဖော်ပန်းပုရုပ်များ ထည့်သွင်းတပ်ဆင်ခဲ့ပြီး ရုပ်စုံကျောင်းတော်ကြီးအဖြစ် တိုးမြှင့်လှူဒါန်းခဲ့သည်ဟု သိရပါသည်။ ဇာတ်သရုပ်ဖော်ရုပ်လုံးများ ထုလုပ်ရန်အတွက် မန္တလေးနေပြည်တော်မှ ပန်းပုပညာရှင် ဦးထွန်းလှကိုငှားရမ်းခဲ့ပြီး ပန်းပုရုပ်တစ်ရုပ်လျှင် ဒင်္ဂါးငွေ ငါးကျပ်နှုန်းကျသင့်ပြီး ဇာတ်ထုတ် ၂၀ အတွက် ရုပ်ထုပေါင်း ၂၀၀ ကျော်ခန့် ထုလုပ်တတ်ဆင်ခဲ့ကြောင်း သိရှိရပါသည်။ ရုပ်စုံကျောင်းတော်ကြီးကို အဆောင်ခြောက်ဆောင်ဖြင့် ဖွဲ့စည်းထားပြီး အမိုးများမှာ ယွန်းဆက်အမိုးများဖြင့် မိုးထားသည်ကို တွေ့ရပါသည်။ ကျောင်းပေါ်သို့တက်ရောက်ရန် သရက်ကင်း အုတ်လှေကားနှစ်စင်းရှိပါသည်။ ကံရွာရှိရုပ်စုံကျောင်းသည် ယခုတိုင် ဆရာတော်များ သီတင်းသုံးနေထိုင်ဆဲဖြစ်ပြီး ရှေးလက်ရာအတိုင်းနီးပါး မပျက်မယွင်းတည်ရှိလျက်ရှိသဖြင့် တန်ဖိုးမဖြတ်နိုင်သည့် ရှေးကျလှသော ပန်းပု၊ ကနုတ်လက်ရာ အနုစိတ်များကို သွားရောက်လေ့လာနိုင်ပါသည်။