"ကဝ"

ကသာမြို့နယ်သည် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၉၁ စု၊ ကျေးရွာပေါင်း ၁၅၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၁၃၈၄၅ ကျော် နေထိုင်ပါသည်။ မြို့နယ်ဧရိယာ ၆၄၇.၆၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ်ဝ၊ အနောက်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ တောင်ဘက်တွင် ခရမ်းမြို့နယ်နှင့် မြောက်ဘက်တွင် ပဲခူးမြိုနယ်၊ သနပ်ပင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ ကဝမြို့နယ်တွင် ပဲခူးမြစ်သည် မြောက်ဘက်မှ တောင်ဘက်သို့ ရန်ကုန်မြစ်အတွင်းသို့လည်းကောင်း၊ စစ်တောင်းမြစ်သည် မြောက်ဘက် မှ တောင်ဘက်သို့ ဘင်္ဂလားပင်လယ်အော် အတွင်းသို့လည်းကောင်း စီးဝင်ပြီး ဒီရေအတက်အကျရှိ၍ ရာသီမရွေး ရေယာဉ်ငယ်များ သွားလာနိုင်ပါသည်။

ဒေသသမိုင်းအကျဉ်း

ကဝမြို့နယ်သည် ရှေးမြန်မာဘုရင်များအုပ်စိုးစဉ်က ထင်ရှားသော ကျေးရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။ ရေလမ်းဖြင့် လှေ၊ သမ္ဗာန်၊ ပိန်းကော၊ သစ်ဖောင်၊ ဝါးဖောင်များမှအစ ပင်လယ်ရေအတက်အကျကို စောင့်ဆိုင်းနားခိုရန် ကျေးရွာကြီးတစ်ရွာ ဖြစ်ခဲ့သည်။ နှစ်ရှည်ပင်များ ပေါက်ရောက်လျက်ရှိပြီး ကုက္ကိုလ်ပင်များ၌ ရာသီမရွေး လင်းဆွဲငှက်များ တွဲလောင်းခို၍ အမြဲတစေနေထိုင်ကြသည်ကို အစွဲပြု၍ လင်းဆွဲဂါမရွာဟု အမည်စတွင်ခဲ့သည်။ ၎င်းနောက် မွန်ဘုရင်လက်ထက်တွင် လင်းဆွဲကို မွန်ဘာသာဖြင့် ‘ကွပ်’ ဟု ခေါ်ခဲ့သဖြင့် ကွပ်ရွာ ကွပ်မြို့ ဟု ခေါ်ခဲ့ရာမှ ကာလရွေ့လျောကာ ကဝ ဟု ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။ ၁၈၈၅ ခုနှစ် အင်္ဂလိပ် - မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့က ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ကဝမြို့အား ဒါးပိန်(ယခုလှည်းကူးမြို့နယ်)နှင့် တွဲဖက်ကာ အုပ်ချုပ်ခဲ့သည်။ ထို့နောက်မှတဆင့် ကဝမြို့အား ပဲခူးစီရင်စုအတွင်း တိုက်နယ်အဆင့်သတ်မှတ်၍ တိုက်သူကြီး၊ ကျေးရွာသူကြီးများနှင့် ဂါတ်ကင်းများ ဖွင့်လှစ်ကာ အုပ်ချုပ်ခဲ့သည်။ ထို့နောက်တွင် ကဝတိုက်နယ်အတွင်း၌ ကျေးရွာမြေများနှင့် စိုက်ပျိုးမြေများ တိုးတက်လာသည့်အတွက် ကဝမြို့နယ်အဆင့် မြို့အဖြစ် သတ်မှတ်ကာ မြို့အုပ်ရုံး၊ တရားမရုံး၊ ရဲဌာန၊ အချုပ်ထောင်၊ ငွေတိုက်များ စသည်တို့ကို တိုးချဲ့ဖွင့်လှစ်လာခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ၁၉၃၄ ခုနှစ်တွင် အုပ်ချုပ်ရေးအားလုံး သနပ်ပင်မြို့နယ်သို့ ပြောင်းရွှေ့သွားကြသည်။ ၁၉၄၅ ခုနှစ်တွင် ကဝမြို့ပိုင်ရုံးနှင့် အခြားရုံးများကို ကဝမြို့၌ ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် အစိုးရရုံးဌာနများ ဖွင့်လှစ်လာခဲ့သည့် နောက်ပိုင်းတွင် မြို့နယ်နှင့် ပတ်သက်သည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာရုံးများ ဖွင့်လှစ်လာခဲ့ပြီး နယ်မြေအုပ်ချုပ်ရေးတွင်လည်း (၁) အုန်းနှဲ၊ (၂) မမောက်၊ (၃) ကဓာတ်စိန် စသည့်တိုက်နယ်ကျေးရွာကြီးများကို မြို့နယ်ခွဲအဖြစ် သတ်မှတ်ကာ လက်ထောက်မြို့ပိုင်ရုံးများ ဖွင့်လှစ်အုပ်ချုပ်ခဲ့သည်။ 

Attractions in ကဝ