ရွေးကောက်ပွဲရလဒ် အပြီးသတ်ထုတ်ပြန် NLD ၉၂၀ ဖြင့် အနိုင်စံချိန်တင်

15-Nov-2020

အထွေထွေ‌ရွေးကောက်ပွဲ အပြီးသတ်ရလဒ်ကို တစ်ပတ်အတွင်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကထုတ်ပြန်ကြေညာနိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပဲ  ကိုယ်စားလှယ်လောင်း ၁၁၀၆ ဦး ဝင်ပြိုင်ပြီး ၉၂၀ ဦးအထိ စံချိန်တင် အနိုင်ရခဲ့ပါတယ်။

 ၂၀၁၅ ရွေးကောက်ပွဲက NLD ၈၈၆ ဦးအနိုင်ရခဲ့တာဖြစ်ပါတယ်။

ကော်မရှင်ကထုတ်ပြန်တဲ့ရလဒ်တွေအရ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီက ၁၉ ပါတီပဲရှိခဲ့ပြီး တစ်သီးပုဂ္ဂလက ၄ ဦးပဲနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နောက် ဒုတိယနေရာမှာ ၇၁ ဦးအနိုင်ရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရှိနေတာပါ။ ထူးခြားတာက ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီစာရင်းမှာ ထိပ်ဆုံးနှစ်ပါတီကလွဲရင် ကျန်တဲ့ ၁၇ ပါတီဟာ တိုင်းရင်းသားပါတီတွေပဲဖြစ်နေတာပါ။

တိုင်းရင်းသားပါတီတွေထဲမှာထိပ်ဆုံးကဦးဆောင်နေတာကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီဖွဲ့ချုပ် SNLD ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ထိုင်ခုံ ၄၀ အထိအနိုင်ရခဲ့သလို အခုရွေးကောက်ပွဲမှာလည်း ၄၂ နေရာပြန်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၂ နေရာပဲ ရှိနေတာပါ။ ရှမ်းပြည်နယ်လွှတ်တော်မှာတော့ ၂၇ နေရာ အထိအနိုင်ရထားတာဖြစ်ပါတယ်။

SNLD ပြီးရင် ရခိုင်အမျိုးသားပါတီရှိနေပြီး ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ ၄ နေရာ စီ ရှိနေတာပါ။ ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း ၇ နေရာအထိနိုင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုမှာ ရွေးကောက်ပွဲပြန်လုပ်ခဲ့ရင် ရခိုင်အမတ်တွေ ကို လွှတ်တော်ထဲမှာ ဒီထက်များများတွေ့ကြရဖို့ရှိနေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၁၁၇ ခုမှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်း

ဓာတ်ပုံ- Ye Myo Khant / MPA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။