ဥရောပနိုင်ငံများ နေ့စဉ် ကိုဗစ်ကူးစက်မှု စံချိန်တင်လာ

07-Nov-2020

ဥရောပနိုင်ငံတွေဘက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေပြီး မနေ့ သောကြာနေ့ကတော့ ပြင်သစ်၊ အီတလီနဲ့ ရုရှားနိုင်ငံမှာတော့ နေ့စဉ်ကူးစက်မှုနှုန်းတွေ စံချိန်တင်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကြာသပတေးနေ့က ကူးစက်သူ ၅၈,၀၀၀ နဲ့ နေ့စဉ်ကူးစက်မှုနှုန်း အများဆုံး စံချိန်တင်ခဲ့ပြီးတဲ့နောက် မနေ့ကတော့ ကူးစက်သူ ၆၀,၄၈၆ ယောက်ရှိတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်းမှာ ထပ်ပြီးတော့ စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် သေဆုံးသူလည်း နောက်ထပ် ၈၂၈ ယောက် ရှိခဲ့ပါတယ်။

အီတလီမှာတော့ မနေ့က ကူးစက်သူ ၃၇,၈၀၉ ယောက်နဲ့ နေ့စဉ်ကူးစက်မှုမှာ အများဆုံး စံချိန်တင်ခဲ့ပြီး ရုရှားနိုင်ငံမှာလည်း ကူးစက်သူ ၂၀,၅၈၂ ယောက်နဲ့ အများဆုံး စံချိန်တင်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ဗြိတိန်နိုင်ငံက ကြာသပတေးနေ့ကစပြီး သီတင်းပတ် ၄ ပတ်ကြာ လူတွေကို အပြင်မထွက်ကြဘဲ အိမ်ထဲမှာနေကြဖို့ ကန့်သတ်လိုက်သလို ဂရိနိုင်ငံကလည်း ဒီနေ့ကစပြီး သီတင်းပတ် ၃ ပတ် အပြင်မထွက်ကြဖို့ ကန့်သတ်လိုက်ပါတယ်။

ဒါ့အပြင် ဒိန်းမတ်နိုင်ငံက သားမွေးထုတ်တဲ့နေရာ ၂ ခုမှာ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒိန်းမတ်နိုင်ငံကနေ ဗြိတိန်နိုင်ငံကို လာမယ့်သူတွေအနေနဲ့ ၁၄ ရက်ကြာ သီးသန့်ခွဲနေရမှာဖြစ်တယ်လို့ ကန့်သတ်လိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံက သားမွေးထုတ်တဲ့ Mink အကောင်လေးတွေမှာ သန္ဓေပြောင်းနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပုံစံမျိုးတွေ တွေ့ရပြီးတဲ့နောက် ကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ Mink ကောင်ရေ ၁၅ သန်းကျော်ကို သုတ်သင်သွားမှာဖြစ်တယ်လို့ ဒိန်းမတ်နိုင်ငံက ကြေညာပါတယ်။

အဲဒီသားမွေးထုတ်တဲ့ မြောက်ပိုင်းဒေသက လူ ၂ သိန်းခွဲကျော်ကိုလည်း အိမ်ထဲကနေ အပြင်မထွက်ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

Crd VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။