စစ်တွေမှာ တစ်ရက်ထဲ တပ်မတော်သား ၅၀ အတည်ပြုလူနာဖြစ်လာ

14-Dec-2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ရသူ ၅၃ ဦး တွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပြီး အဲဒီထဲက အယောက် ၅၀ ဟာ စစ်တွေတပ်နယ်က တပ်မတော်သားတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကိုပြောပါတယ်။

ကျန် သုံးဦးကတော့ အရပ်သားတွေ ဖြစ်ပါတယ်။ တပ်မတော်သား ၁၉၇ ဦးနဲ့ အရပ်သား၂၅၅ ဦး တို့ကို စစ်ဆေးတဲ့အခါမှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီပိုးကူးစက်ခံရတဲ့ တပ်မတော်သားတွေဟာ ဘယ်လိုပိုးကူးစက်တယ်ဆိုတာကို မသိရဘူးလို့လည်း သူကပြောပါတယ်။

ဒီနေ့စစ်ဆေးချက်မှာလည်း စစ်တွေတပ်နယ်က တပ်မတော်သား ရှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးဌာနကတော့ မထုတ်ပြန်သေးဘူးလို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က စတင်တွေ့ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ဒီနေ့အထိ ကိုရိုနာဗိုင်းရစ်ပ်ပိုးတွေ့လူနာ (၃၉၃၇) ဦးနဲ့ သေဆုံးသူ (၃၄) ဦး ရှိသွားပါပြီ။

မြန်မာတစ်နိုင်ငံလုံးမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ညက အစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ထားချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်သိန်းကျော်၊ ဆေးရုံဆင်းခွင့်ရသူ ရှစ်သောင်းကျော်နဲ့ သေဆုံးသူ ၂၂၆၈ ဦး ရှိပြီဖြစ်ပါတယ်။

RFA Burmese