ပြည်သူတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးမည်

28-Jan-2021

နိုင်ငံတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းကို လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင် မှာဖြစ်ပြီး အဲဒီနေ့မှာ ပြည်ထောင်စုအစိုးရ၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို ကာကွယ် ဆေးထိုးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ပြည်သူတွေကို ဆေးထိုးပေးတဲ့အစီအစဉ်မှာ နေအိမ်အပြင်မထွက်ရ သတ်မှတ်ခံထားရတဲ့ မြို့နယ်တွေက သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေ၊ ရောဂါရရှိမှုလွယ်တဲ့သူတွေကို ဦးစားပေးအနေနဲ့ ထိုးပေးသွား မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ရန်ကုန်တိုင်းက ရပ်ကွက်တချို့မှာလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အသက် ၈၀ ကျော် သက်ကြီးရွယ် တွေ ရှိ၊ မရှိ နေအိမ်တွေမှာ စာရင်းကောက်နေပါတယ်။

နိုင်ငံတော်ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ ကာကွယ်ဆေးအရေအတွက် သန်း ၃၀ ထဲက ပထမအရေအတွက် နှစ်သန်းခန့်ဟာ လာမယ့် ဖေဖော်ဝါရီ ပထမအပတ်အတွင်း ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မတ်လနဲ့ ဧပြီလတွေမှာလည်း တဖြည်းဖြည်းချင်းရောက်ရှိလာမယလို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး တစ်သန်းခွဲကတော့ ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့ ဒီနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးပေးခဲ့ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၃၀ ရက်နေ့မှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေကို ထိုးပေးသွားမှာပါ။ ကာကွယ်ဆေးက နှစ်ကြိမ်ထိုးရတာဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီးနောက် ၂၈ ရက်အကြာမှာ နောက်တစ်ကြိမ် ထပ်မံထိုးရမှာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပြခဲ့မယ်ဆိုရင် ကျန်းမာရေးဌာနကို အမြန်ဆုံး သွားရောက်ပြသဖို့နဲ့ ဆေးထိုးပြီးနောက်ပိုင်းမှာလည်း ဗိုင်းရပ်စ်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

RFA Burmese