နေအိမ်တွင်နေထိုင်ရေး (Stay At Home) အစီအစဉ်တွင် ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့ ပါဝင်

19-Oct-2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အမိန့်အမှတ် ၁၂၉ /၂၀၂၀

၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်)

        ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေ ဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်း အောက်ဖော်ပြပါမြို့နယ်များတွင်နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ လိုက်သည် -

        (က) ဖားကန့်မြို့နယ်၊

        (ခ) မိုးညှင်းမြို့နယ်။

၃။ အဆိုပါမြို့နယ် ၂ မြို့နယ်ရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံး ဝင်သောပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည် -

        (က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာနများအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ၁၄၉-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၂၃၅၄/၂၆၄/COVID-19/ကော်မတီ(၂၀၂၀) ဖြင့် နိုင်ငံ့ဝန်ထမ်းများအား (၂)ပတ်ရုံးတက် (၂)ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်စေရေး အကြောင်းကြားချက်အတိုင်း ဆောင်ရွက်ရန်၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စား သောက်ကုန်နှင့် သားငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများနှင့် ဆက်စပ်ဆောင်ရွက်ရသည့်လုပ်ငန်း များ၌ မဖြစ်မနေတာဝန်ထမ်းဆောင်သူများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီ ဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများမပါ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်း ရောင်းချခြင်း၊ ဒေတာရောင်းချခြင်းများ ခွင့်မပြု)၊

        (ခ) အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊

        (ဂ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊

        (ဃ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊

        (င) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊

        (စ) တာဝန်ထမ်းဆောင်ရန် သွားရောက် ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊

     (ဆ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊

       (ဇ) အဆိုပါမြို့နယ်(၂)ခုမှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင် ယာဉ်များသွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်။

၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ဂ)၊ (ဃ) နှင့် (ဆ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက် ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ဖြစ်သည်။

၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

၆။ ဤအမိန့်သည် ၂၀-၁၀-၂၀၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။

 

 (ဒေါက်တာမြင့်ထွေး)

ပြည်ထောင်စုဝန်ကြီး