လော့ဒေါင်းမချဘဲ ကာကွယ်ဆေး မျှော်နေတဲ့ ရုရှား

11-Nov-2020

ဆာရာ ရိန်းစ်ဖို့ဒ်

ဘီဘီစီသတင်း၊ မော်စကို

ဒီ ခရစ်လတ်စကိုး ရေခဲနှင်းလျှောစီးကွင်းကြီးက လက်မှတ်ရုံတွေ ပိတ်ထားပေမဲ့ ကွင်းထဲမှာတော့ လူပြည့်နေပါတယ်။ စကိတ်အမြန်စီးသူတွေ၊ ဟော့ကီကစားသူတွေနဲ့ မဟုတ်ဘဲ ကိုဗစ်လူနာတွေနဲ့ ဖြစ်ပါတယ်။

မော်စကိုမှာ ကိုဗစ်လူနာတွေက နေ့စဉ် စံချိန်တင်ပြီး တိုးနေချိန်မှာ ဒီလို ယာယီဆေးရုံကြီးငါးခုဖွင့်ပြီး လှုပ်ရှားနေရပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ရုရှားတစ်နိုင်ငံလုံး ကူးနှုန်းက နှစ်သောင်းတစ်ထောင်နားရောက်နေလို့ ကူးစက်နှုန်းက စိုးရိမ်စရာ ကောင်းတယ်ဆိုပြီး ရုရှား အစိုးရက ဖော်ပြခဲ့သလို တချို့ ပြည်နယ်တွေက ဆေးရုံတွေမှာလည်း လူနာတွေနဲ့ ပြည့်လျှံနေပြီလို့ ဝန်ခံခဲ့ပါတယ်။

မတည်ငြိမ်တဲ့ မော်စကို အနေအထား

တစ်နိုင်ငံလုံး လော့ဒေါင်းချဖို့ တိုက်တွန်းမှုကိုတော့ ရုရှားအစိုးရ တင်းခံနေဆဲ ဖြစ်ပါတယ်။ စီးပွားရေးပျက်ပြားမှာကို စိုးရိမ်တာရယ်နဲ့ ကိုဗစ် -၁၉ ကာကွယ်ဆေးပေါ်လာရင် ဒီအကျပ်အတည်းက ရုန်းထွက်နိုင်မယ်ဆိုပြီး မျှော်လင့်ထားတဲ့အတွက် ဒီလို တင်းခံနေတာပါ။

ဒါပေမဲ့ မော်စကို မြို့တော်ဝန်က ကန့်သတ်မှုအသစ်တွေကိုတော့ ဒီကနေ့ ချလိုက်ပါပြီ။ မြို့တော်ရဲ့ ကိုဗစ် ကူးစက်မှုအခြေအနေ မတည်ငြိမ်လို့ ည (၁၁) နာရီ ကစပြီး ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေ ပိတ်ခိုင်းထားပါတယ်။

ရေခဲတွေ မရှိတော့ပေမဲ့ ဒီနေရာကို နောက်ဆုံးပေါ် ဒစ်ဂျစ်တယ် နည်းပညာတွေနဲ့ ဆေးရုံအဖြစ် ဖန်တီးထားပါတယ်။

"နေ့တိုင်း လူနာသစ် ၄ဝ-၅ဝ လောက် လာတယ်။ ပြန်ဆင်းပေးတာလည်း ဒီလောက်ပဲ" လို့ ဆေးရုံတာဝန်ခံ အန်ဒရေ ရှကိုဒါက ဘီဘီစီကို ပြောပါတယ်။ သူ့ခေါင်းပေါ်မှာ စီးမိုးနေတဲ့ ရုပ်သံဖန်သားပြင်ကြီးမှာတော့ တစ်ခါက စကိတ်ပြိုင်ပွဲ ရလဒ်တွေ ကြေညာခဲ့ဖူးပါတယ်။

ဒီနှစ်မှာတော့ အဲဒီဖန်သားပြင်ကနေ လူနာတွေ ကုတင်ပေါ်ကနေ ကြည့်ဖို့ ဆိုဗီယက်ခေတ်က ဂန္ထဝင်ရုပ်ရှင်တွေကနေ မစ္စတာဘင်း ဇာတ်ကားတွေထိ ပြပေးနေပါတယ်။

ဒီယာယီဆေးရုံတွေကို ကိုဗစ်ပထမလှိုင်းအတွင်း တစ်လနဲ့ အပြီးဆောက်ခဲ့ပေမဲ့ မသုံးရသေးပါဘူး။ အခုတော့ ဒီမှာရှိတဲ့ ခုတင် (၁၃၄၇) လုံးမှာ သုံးပုံတစ်ပုံလောက် ပြည့်နေပြီဆိုတာ ပွဲကြည့်စင်ပေါ်က ကြည့်ရင် မြင်နေရပါပြီ။

ယာယီဆေးရုံတွေရဲ့ အရေးပါတဲ့ ကဏ္ဍ

မော်စကိုက ဆေးရုံတွေ အခြေအနေက နယ်တချို့က ဆေးရုံတွေနဲ့ တခြားစီ ဖြစ်နေပါတယ်။ အစိုးရရုပ်သံတွေကတောင် နယ်ဆေးရုံတွေမှာ လူနာတွေ ပြည့်နေပြီလို့ ပြောနေပါတယ်။ ရင်ခွဲရုံတွေမှာလည်း ဒီအတိုင်း ဖြစ်နေပါတယ်။

မော်စကိုမှာ လူနာသစ်တွေက အများဆုံး ရှိနေဆဲပါ။ မြို့ပေါ်က ဆေးခန်းတွေမှာ လူနာတင်ကားတွေ တန်းစီရတဲ့အခါ ရှိသလို အခမဲ့ ကိုဗစ်ပိုးစစ်ဖို့ အကြာကြီး စောင့်ရတာနဲ့ ဆရာဝန်ကို အိမ်ပင့်ဖို့ စောင့်ရတာတွေ ရှိနေပါတယ်။

ဒါပေမဲ့ ဒီယာယီဆေးရုံတွေမှာတော့ နယ်ကလာတဲ့ ဆေးဝန်ထမ်းတွေနဲ့ ကိုဗစ်လူနာတွေကို ထိန်းထားနိုင်တဲ့အတွက် တခြားဆေးရုံတွေ ပုံမှန်အတိုင်း ဆက်လည်ပတ်နိုင်အောင် ကူညီပေးသလို ဖြစ်နေပါတယ်။

ဒီနှစ်ဆောင်းဦးက ကိုဗစ်လူနာတိုးမှုက လူငယ်တွေမှာ ပိုဖြစ်ပြီး အိမ်မှာ ကိုယ့်ဘာသာကုပြီးမှ ရောက်လာရင် ပိုဆိုးတယ်လို့ ဒေါက်တာရှကိုဒါက ဆိုပါတယ်။

"နွေဦးမှာ ကိုဗစ် စဖြစ်တုန်းက လူတိုင်းက သိပ်ကြောက်နေကြလို့ ချက်ချင်းပြေးလာကြတယ်။ ဒီတစ်ခါ ပြန်ဖြစ်တာကတော့ လူတွေ သိပ်သတိထား မနေကြတော့လို့ ဖြစ်နိုင်ပါတယ်'' လို့ သူက ပြောပါတယ်။

လူတွေ ရောဂါကို သတိမမူကြရင်လည်း ဒါက ရုရှား နိုင်ငံရေးသမားတွေ ချမှတ်ခဲ့တဲ့ လမ်းကြောင်းဖြစ်ပါတယ်။

လူကြားထဲ နှာခေါင်းစည်း မတပ်မနေရ

ဒီနှစ်နွေတုန်းက ဗိုင်းရပ်ကို အောင်နိုင်ပြီ ဆိုပြီး ဖွဲ့စည်းပုံဥပဒေ ဆန္ဒခံပွဲမတိုင်ခင်မှာ ရောဂါကာကွယ်ရေးတွေကို ရပ်ဖို့ နိုင်ငံရေးသမားတွေ ကြိုးစားခဲ့ကြပါတယ်။ အဲဒီ ဆန္ဒခံပွဲကပဲ ဗလာဒီမာပူတင်ကို အာဏာဆက်ကိုင်ထားနိုင်အောင် လုပ်ပေးခဲ့ပါတယ်။

မော်စကိုမှာ လူနေမှုဘဝက အရင်လို ခဏ ပြန်ဖြစ်သွားပြီး နှာခေါင်းစည်းတွေလည်း မမြင်ရတော့ဘဲ ဖြစ်သွားပါတယ်။

အခုလို ရောဂါကူးစက်မှု ပြန်တက်လာချိန်မှာ ဒီလို လူမကြိုက်တဲ့ ကန့်သတ်မှုတွေကို ပြန်ချမှတ်ဖို့က မလွယ်ပါဘူး။

အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ နှာခေါင်းစည်းမတပ်မနေရတပ်ဖို့နဲ့ မတပ်ရင် ဒဏ်တပ်မယ်ဆိုပြီး ရုရှားကျန်းမာရေးဌာနက မကြာခင်ကမှ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားနယ်တွေမှာတော့ ဒီစည်းမျဉ်းတွေကို အုပ်ချုပ်ရေးမှူးတွေကပဲ ဆုံးဖြတ်တာပါ။

ဘားနဲ့ ကလပ်တွေ စောစောပိတ်တာအပြင် ကောလိပ်ကျောင်းတွေကို အဝေးသင်ပုံစံပြောင်းတာနဲ့ နောက်နှစ်လအတွင်း ယဉ်ကျေးမှုနဲ့ အားကစားပွဲတွေကို လျှော့လုပ်ဖို့ မော်စကို မြို့တော်ဝန် ဆားဂေး ဆိုဗျာညင်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလို လုပ်ရတာ မနှစ်သက်ပေမဲ့ ကျန်းမာရေးဌာနအပေါ် ကပ်ဘေးရဲ့ ဖိအားကြောင့် လုပ်ရတာလို့လည်း သူက ဆိုပါတယ်။

ဒီအတွက် မော်စကို မြို့သူမြို့သားတွေရဲ့ အသက်ထောင်ပေါင်းများစွာကို ကယ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူ့ရဲ့ ဘလော့စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

လူထုကာကွယ်ဆေးထိုးအစီအစဉ် လာတော့မလား

တစ်ချိန်တည်းမှာပဲ စပွတ်ညစ် အမှတ်ငါး ရုရှား ကိုဗစ် ကာကွယ်ဆေးအကြောင်းလည်း လူတွေက ပြောနေကြပါတယ်။

ဖိုင်ဇာရဲ့ ကာကွယ်ဆေးက ၉ဝ ရာခိုင်နှုန်းကျော် ထိရောက်တယ်လို့ နိုဝင်ဘာလ ၉ ရက်က ကြေညာလိုက်တဲ့အခါ ရုရှားကျန်းမာရေးဝန်ကြီးဌာနကလည်း သူတို့ စမ်းသပ်နေတဲ့ စပွတ်ညစ်အတွက် ချက်ချင်းကြေညာပေးပါတယ်။

မကြာခင် ဆေးခန်းတွေမှာ ကာကွယ်ဆေး အများအပြားရတော့မယ်လို့လည်း ရုရှားဘက်က ဆိုပါတယ်။ လူထုကာကွယ်ဆေးထိုး အစီအစဉ်က ဖြစ်လာတော့မယ့်ပုံ ရှိနေပါတယ်။

မော်စကိုမြို့တောင်ပိုင်းက ဆေးခန်းတစ်ခုမှာတော့ အအေးခံစက်တွေနဲ့ သိမ်းထားတဲ့ ဆေးဘူးတွေ ရောက်နေပါပြီ။ ဆေးစမ်းသပ်မှုမှာ ပါဝင်တဲ့ လူလေးသောင်းအတွက် တစ်ရက်ကို အလုံးငါးဆယ်လောက် ထိုးပေးနေတာ ဖြစ်ပါတယ်။

လူတန်းထဲက နောက်ထပ် စေတနာ့ဝန်ထမ်းတစ်ယောက်က သူ့ရုံးမှာ သူတစ်ယောက်ပဲ ဆေးဝင်စမ်းဖို့ ပါခဲ့တယ်လို့ ပြောပါတယ်။ ကျန်တဲ့သူတွေက ကြောက်ကြတယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာ ရှကိုဒါ ကတော့ သူနဲ့ သူ့ဆေးရုံထဲက ဝန်ထမ်း ခုနစ်ယောက် ဆေးထိုးထားပြီးပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ပဋိပစ္စည်းထုတ်လုပ်မှုအဆင့်က ကောင်းတယ်လို့လည်း ဆိုပါတယ်။

"ကိုဗစ်က ထွက်သွားတော့မှာမဟုတ်ဘဲ ကျွန်တော်တို့နဲ့ နေတော့မှာ" လို့လည်း ဒီဆေးရုံတာဝန်ခံက ပြောပါတယ်။ သူ့ဆေးရုံထဲက ဆေးဝန်ထမ်းတွေကတော့ ဝတ်စုံဖြူကြီးတွေဝတ်ပြီး အောက်ဆီဂျင်ပိုက်တပ်ထားတဲ့ အသက်ရှူစက်တွေနဲ့ လူနာတွေကြား သွားလာနေရပါတယ်။

နေ့စဉ် ကိုဗစ်ဆိုးကျိုးတွေကို ရင်ဆိုင်နေရပေမဲ့ နောက်ထပ်လော့ဒေါင်းချဖို့ ဒီဆရာဝန်က အားမပေးပါဘူး။

"နောက်ထပ် ဘာမှ ထပ်ကန့်သတ်ဖို့ မလိုပါဘူး၊ လူတိုင်းက တာဝန်သိစိတ်နဲ့ လိုက်နာကြဖို့ပဲ လိုပါတယ်" လို့ သူက ပြောပါတယ်။ အဲဒီနောက် ပိုးသတ်ဆေးတွေ အဖြန်းခံပြီး အနီရောင်ဇုန်ထဲက ထွက်ခဲ့ကြပါတယ်။

"ဒီကာကွယ်ဆေးကပဲ အဆုံးသတ်မှာ အောင်နိုင်အောင် ကူပါလိမ့်မယ်" လို့လည်း သူကပြောပါတယ်။

Crd BBC News