ဒဏ်ရာရ ကစားသမားများ၏ နေရာကို အစားထိုးရန် ဆီမီဒိုကို ကမ်းလှမ်းရန် လီဗာပူးအသင်း ပြင်ဆင်

16-Nov-2020

ပရီမီယာလိဂ်ချန်ပီယံလီဗာပူးအသင်းသည် အိုလံပီယာကော့စ် ခံစစ်ကစားသမားတစ်ဦးဖြစ်သူ ရူဘင် ဆီမီဒိုကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပေါင် ၁၈ သန်းဖြင့် ကမ်းလှမ်းသွားရန် အဆင်သင့်ရှိနေကြောင်း   သတင်းများတွင်    ဖော်ပြထားသည်။  နည်းပြ  ဂျာဂျင်ကလော့ပ်၏ လီဗာပူးအသင်းသည် ခံစစ်ပိုင်းတွင် ဗန်ဒိုက်နှင့် ဂိုမက်ဇ်တို့ ဒဏ်ရာအသီးသီးရရှိနေပြီး ကာလရှည် အနားယူရဖွယ်ရှိနေသည့်အတွက်  ခံစစ်ပိုင်းကို  အင်အားဖြည့်တင်းရန်  လုပ်ဆောင်လိုခြင်း ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ   ဂိုမက်ဇ်သည်   အင်္ဂလန်အသင်းနှင့်   အိုင်ယာလန်အသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲမကစားမီ    လေ့ကျင့်ခန်းပြုလုပ်စဉ်     ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ဗန်ဒိုက်သည်လည်း အောက်တိုဘာ ၁၇ ရက်က  အဲဗာတန်အသင်းနှင့်  လီဗာပူး အသင်းတို့   တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သောပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူထား ရသူဖြစ်သည်။   ထို့ကြောင့်   လီဗာပူးအသင်းအနေဖြင့်   အဆိုပါကစားသမားများ၏ နေရာကို အချိန်မီ အစားထိုးနိုင်ရန်အတွက် အိုလံပီယာကော့စ် ခံစစ်ကစားသမား ရူဘင်ဆီမီဒိုကို ခေါ်ယူ ရန် ပစ်မှတ်ထားနေခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် လီဗာပူးအသင်းအနေဖြင့် ဇန်နဝါရီဈေးကွက်မဖွင့်မီ အထိ ပရီမီယာလိဂ်ပွဲစဉ်ရှစ်ပွဲကို  အဆိုပါကစားသမားနှစ်ဦးမပါဘဲ  ကစား ရတော့မည်ဖြစ်သည်။ ဆီမီဒိုသည် အိုလံပီယာကော့စ်အသင်းသို့  ၂၀၁၉ ခုနှစ်တွင် ရောက်ရှိခဲ့သူဖြစ်သည်။ ၎င်းအနေဖြင့် အိုလံပီယာကော့စ်အသင်း သို့ ရောက်ရောက်ချင်းနှစ်မှာပင် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၄၅ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်ပြီး ငါးဂိုးသွင်းယူပေးထားနိုင်သူဖြစ်သည်။ ၎င်းသည် ယခုနှစ်တွင်လည်း အိုလံပီယာကော့စ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်သည်။  လီဗာပူးအသင်းသည် ဆီမီဒိုအပြင် ရှော်လ်ကေးအသင်းမှ အိုဇန် ကာဘတ်ခ်နှင့် ဘရိုက်တန်အသင်းမှ ဘင်ဝှိုက်တို့ကိုလည်း ခေါ်ယူရန်ချိန်ရွယ်နေကြောင်း သိရသည်။

အခြားသောသတင်းတစ်ရပ်တွင် လီဗာပူးအသင်းမှ တိုက်စစ်ကစား သမား ဆာလာသည် နိုင်ငံတကာပွဲစဉ်များ   ယှဉ်ပြိုင်ကစားရန်  အီဂျစ် အသင်းနှင့် ပူးပေါင်းဆောင်ရွက်နေစဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံထားရကြောင်း သိရသည်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က သောကြာနေ့တွင် အသက် ၂၈ နှစ်အရွယ် ဆာလာအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထား ရကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။ ရောဂါလက္ခဏာပြသ ခြင်းတော့ မရှိဘူးလို့လည်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဆာလာသည် သီးသန့်ခွဲခြားနေထိုင်လျက်ရှိပြီး လီဗာပူးအသင်း၏ လာမည့် ပွဲစဉ်နှစ်ပွဲကို လွဲချော်မည်ဖြစ်သည်။ လီဗာပူးအသင်းသည် နိုဝင်ဘာ ၂၂ ရက်တွင် ပရီမီယာ လိဂ်၌ လက်စတာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ထိုပွဲစဉ်ပြီးလျှင် နိုဝင်ဘာ ၂၅ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အတ္တလန္တာအသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ၎င်းသည် ယခုနှစ်ရာသီ လီဗာပူးအသင်း၏ ပရီမီယာ လိဂ် ရှစ်ပွဲစလုံးကို ပါဝင်ကစားထားသူဖြစ်ပြီး ရှစ်ဂိုး သွင်းယူပေးထားနိုင် သူဖြစ်သည်။

လီဗာပူးအသင်းသည် ပရီမီယာလိဂ်၌ ရှစ်ပွဲကစားပြီးချိန်တွင် ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၁၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၃) နေရာ တွင် ရပ်တည်ထားနိုင်သည့်အသင်းဖြစ်သည်။

အောင်ဇော်