ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရန် အရှေ့တောင်အာရှနိုင်ငံများအား ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ဂျပန် ထောက်ပံ့မည်

15-Nov-2020

တိုကျို    နိုဝင်ဘာ  ၁၄

ကိုဗစ်-၁၉ ရောဂါ  ကာကွယ်တားဆီးရန်   အရှေ့တောင် အာရှနိုင်ငံများအား အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆူဂါက ယနေ့ ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီခချန်း၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်များ တက်ရောက်သော ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီး အစည်းအဝေးတွင်  ဂျပန်ဝန်ကြီးချုပ်  ဆူဂါက  အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေတွင် ဆေးဝါးထောက်ပံ့မှုများ၊ ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့်   နည်းပညာ အထောက်အပံ့များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  ဂျပန်နိုင်ငံအနေဖြင့်   ပိုမိုအားကောင်းသည့် စီးပွားရေးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက် ခြင်းနှင့် ဒစ်ဂျစ်တယ်စက်မှုလုပ်ငန်းများ ပြုလုပ်ပေးခြင်းဖြင့် အာဆီယံနိုင်ငံများ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆူဂါက ဆိုသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုသည်  လူသားတို့၏ အသက်ရှင်သန်မှုကို ခြိမ်းခြောက်လျက်ရှိသည်။ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကူညီထောက်ပံ့ပေးခြင်းသည် အဆိုပါကပ်ရောဂါမှ ကျော်လွှားစေရန် လွန်စွာအထောက် အကူဖြစ်စေမည်ဖြစ်ကြောင်းနှင့်  ဒေသတွင်းရှိ  နိုင်ငံများကလည်း အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားရန်   လိုအပ် ကြောင်း ဝန်ကြီးချုပ် ဆူဂါက ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊

ဘာသာပြန်-အောင်ကျော်ကျော်