ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ ၁၈ မှု အရေးယူထား

13-Nov-2020

ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲ မတိုင်ခင်ကာလနဲ့ ရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အရေးယူထားတာ ၁၈ မှုရှိတယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အဲဒီအမှု ၁၈ မှု ထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်တာက ၁၂ မှု ရှိပါတယ်။

ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အမှုဖြစ်စဉ်တွေကို ပြည်ထောင်စုကော်မရှင်ကို တင်ပြထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

“နှစ်ကြိမ် မဲပေးတယ်။ အယောင်ဆောင် မဲ ပေးတယ်။ ရဲစခန်းမှာ တိုင်ကြတယ်။ ကိုယ်စားမဲပေးတယ်။ နှစ်ကြိမ် မဲပေးတယ်။ ရဲစခန်းတိုင်တယ်။ အဲ့ဒါ အဓိကပဲ။ ကျန်တာကတော့ အကျိုး ဖျက်ဆီးတာတို့ ဘာညာ အဲ့ဒါရှိတာပေါ့ဗျာ ။ ကျနော်တို့လည်း ပြည်ထောင်စုကော်မရှင်ကို တက်လာတာတွေ တင်ပြတာပေါ့”

အယောင်ဆောင်မဲပေးမှုက ကြိုတင်မဲကာလမှာ တစ်မှုနဲ့ ရွေးကောက်ပွဲနေ့မှာ သုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ရွေးကောက်ပွဲနေ့  အယောင်ဆောင်မဲပေးတဲ့ အမှုသုံးခုဟာ မြန်အောင်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး၊ ကျူးလွန်သူနှစ်ဦးက အသက်မပြည့်သေးသူတွေလို့ သိရပါတယ်။

၂၀၁၅ ခုနှစ်ကလည်း  အသက်မပြည့်ဘဲ မဲပေးသူတစ်ဦးကို တရားရုံးက ဆုံးမပြီး ပြန်လွှတ်ပေးခဲ့ဖူးတယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။

“တရားရုံးရောက်တဲ့အခါကျတော့ အဲ့ဒီတုန်းက ဘယ်လိုဆုံးဖြတ်လဲဆိုတော့ မှတ်မိတာကတော့ သူ့ကို နောက် ဒီလိုလာမလုပ်နဲ့ဆိုပြီး ဆုံးမပြီး ပြန်လွှတ်လိုက်တယ်။ အခုလည်း အဲ့ဒီသဘော ရှိမှာပေါ့။ ဒါလည်း တရားရုံးက ဆုံးဖြတ်မှာပေါ့။ Under age မဲပေးတာ နှစ်ယောက်ရှိတယ်။ အယောင်ဆောင် မဲပေးတာပေါ့။ အဲ့ဒါလည်းပဲ ဒီလိုပဲ ဖြစ်မှာပေါ့။ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။

ကြိုတင်မဲကာလအတွင်း ပုသိမ်မြို့နယ်မှာ တံဆိပ်တုံးအတုနဲ့ မဲပေးမှု တစ်မှု၊ လေးမျက်နှာမြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို  မဲရုံဖျက်ဆီးတဲ့အမှုနဲ့ ရွေးကောက်ပွဲနေ့ ဝါးခယ်မမြို့နယ်မှာ မဲလက်မှတ် ဖျက်ဆီးမှုတစ်မှု ပါဝင်ပါတယ်။ အလားတူ ဓနုဖြူ၊ မအူပင်၊လပွတ္တာ၊ အင်္ဂပူ၊ ကျောင်းကုန်း၊  မော်လမြိုင်ကျွန်း မြို့နယ်တွေမှာလည်း ကြိုတင်မဲ ကာလ နဲ့ ရွေးကောက်ပွဲနေ့တွေမှာ မဲနှစ်ကြိမ်ပေးတဲ့အတွက် အရေးယူထားတဲ့ အမှု ၁၀ မှု ရှိပါတယ်။

ကျုံပျော်မြို့နယ်က ပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းသုံးဦးကိုလည်း မြို့နယ်နဲ့ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲကို မမှန်မကန်စွပ်စွဲပြောဆိုခဲ့မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ချိုးဖောက်တဲ့သူတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ၄၂၀/၄၆၈ နဲ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈၊ ၅၉ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Crd RFA