ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆေးကုသစင်တာတစ်ခု ဖွင့်လှစ်မည်

15-Dec-2020

ဒလ ဒီဇင်ဘာ ၁၄

 ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့ရှိ သူများလာခြင်းကြောင့် ဒလမြို့နယ် တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ဆေးကုသစင်တာ ဖွင့်လှစ်နိုင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းရင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊We Love Dalla ၊ မြို့နယ်ကြက်ခြေနီအသင်း၊ Save လူမှုကူညီရေးအသင်း၊ ကရုဏာ ရှင်လူမှုကူညီရေးအသင်းတို့မှ တာဝန်ရှိ သူများ တက်ရောက်ဆွေးနွေးကြသည်။ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ် ရေးမှူးက ဆေးကုသစင်တာဖွင့်လှစ် ရာတွင် အုပ်ချုပ်မှုဆိုင်ရာနှင့်အခြားသော လိုအပ်သည်များအား ကူညီပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်၍ တက်ရောက်လာကြသူများကလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန် ပြောကြားသည်။ ထို့နောက် တောင်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ဒေါ်စုစုလှိုင်၊ မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာအသင်း MMA မှ ဒေါက်တာ ဒေါ်သီတာကြူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ထွန်းဝင်းတို့က ဆေးကုသစင်တာ ဖွင့်လှစ်ရေးအတွက် လိုအပ်သည်များ ကို တင်ပြဆွေးနွေးကြသည်။ ဒလမြို့နယ်တွင် ဖွင့်လှစ်မည့်ဆေးကုသစင်တာကို ကမာကသွယ် ရပ်ကွက်ရှိ အမှတ် (၁၇) အခြေခံပညာ မူလတန်းကျောင်း၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်မည့်ရက် မသတ်မှတ်ရသေးသော်လည်း တစ်ပတ် လျှင် နှစ်ရက် သုံးရက်အထိ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ပေးမည်ဟု သိရသည်။ ဆေးကုသစင်တာအတွက် လိုအပ်မည့် စေတနာ့ဝန်ထမ်းများကို We Love Dalla နှင့် မြို့နယ်ကြက်ခြေနီအသင်း၊ ဆေးကုသစင်တာကာကွယ်ဆေးဖျန်း ခြင်းကို မြို့နယ်ကြက်ခြေနီအသင်း၊ လိုအပ်သည့် အထောက်အကူပစ္စည်း များကို Save လူမှုကူညီရေးအသင်း၊ ဆေးကုသစင်တာ ပြင်ဆင်မွမ်းမံခြင်း ရေနှင့် သန့်ရှင်းမှုဆိုင်ရာများကိုမြို့နယ်စည်ပင်သာယာရေးကော်မတီ တို့က တာဝန်ယူဆောင်ရွက်ပေးမည် ဟု သိရသည်။

ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ပထမလှိုင်းကာလက အောင်မင်္ဂလာ ရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်းတွင် ဆေးကုသ စင်တာတစ်ခု ဖွင့်လှစ်ခဲ့သော်လည်း အခက်အခဲတချို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုဖွင့်လှစ်မည့် ဆေးကုသစင်တာ အောင်မြင်နိုင်ရေး စုပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဤဆေးကုသ စင်တာသည် ရေရှည်တွင် မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ကုသနိုင်မှုအတွက်ပါ စီမံထားကြောင်း သိရသည်။

မောင်ယဉ်ဦး(ဒလ)