ဒီပါဝလီပွဲတော်နီးလာချိန် အိန္ဒိယမှာ ကိုဗစ်ကူးစက်မှု မြင့်တက်ဆဲ

12-Nov-2020

အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဆက်ပြီးဖြစ်နေတာမှာ ဒီကနေ့ အိန္ဒိယမှာ ကူးစက်သူ လူနာသစ် ၄၇,၉၀၀ ကျော်ရှိပါတယ်။ လာမယ့် စနေနေ့မှာ ဒီပါဝလီ ဟိန္ဒူဘာသာရေးပွဲတော် ရှိတာကြောင့် ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်တွေနဲ့ပြည့်နေတဲ့ မြို့တော် New Delhi တဝိုက် ကူးစက်သူ ၈,၅၉၀ ကျော်နဲ့ စံချိန်တင်ခဲ့ပါတယ်။ တခြားမြို့ကြီးတွေမှာထက် New Delhi မှာ ကူးစက်မှုနှုန်းက မြင့်တက်နေတာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၅၅၀ နဲ့ အခုထိသေဆုံးသူပေါင်း ၁၂၈,၁၀၀ ကျော်ရှိပါတယ်။

နယူးဇီလန်နိုင်ငံမှာလည်း ကူးစက်မှု အသစ်ရှိနေတာကြောင့် Auckland မြို့နေလူတွေကို အိမ်တွေကနေ အလုပ်လုပ်ကြဖို့နဲ့ အသွားအလာတွေကို သတိထားကြဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက သောကြာနေ့တုန်းက တိုက်တွန်းထားပါတယ်။ အခုကူးစက်မှုအသစ်က ပြည်ပကလာရောက်သူတွေတည်းခိုတဲ့ ဟိုတယ်နားမှာ နေထိုင်သူ Auckland မြို့က ကျောင်းသားတယောက်နဲ့ ဆက်နွယ်နေတာဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှုတွေကို နှောက်ယှက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံထားရသူ ဘာသာရေးဂိုဏ်း ခေါင်းဆောင်တယောက်ကို တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတွေတုန်းက ဝတ်ပြုဆုတောင်းပွဲ တခုကျင်းပတာကနေ လူပေါင်း ထောင်နဲ့ချီ ရောဂါကူးစက်ခဲ့တာပါ။ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဘာသာရေးဂိုဏ်း ခေါင်းဆောင် Lee Man-hee ကို အာမခံပေးထားပေမဲ့ သူ့အနေနဲ့ အီလက်ထရောနစ်ခြေရာခံ ကရိယာကို ဝတ်ဆင်ထားရမှာဖြစ်ပြီး နေအိမ်မှာပဲ နေထိုင်ဖို့ အမိန့်ထုတ်ထားပါတယ်။ သူ့ကို ဘုရားကျောင်းအဖွဲ့ဝင်တွေရဲ့ အမည်စာရင်းထိန်ချန်ထားမှုနဲ့ ကူးစက်ရောဂါဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ရောဂါကူးစက်သူ ၂၇,၉၀၀ ကျော်မှာ ၅,၂၀၀ ကျော်က ဒီ ဘုရားကျောင်း နဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

Crd VOA News