အာရှနှင့် အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်၌ ဂျိုင်း-ကော့ကရိတ်တံတား တည်ဆောက်နေ

05-Oct-2020

ရန်ကုန် အောက်တိုဘာ ၄

ကရင်ပြည်နယ် ဘားအံခရိုင် အာရှလမ်းမကြီးအမှတ် (၁)နှင့် အရှေ့-အနောက်စီးပွားရေး စင်္ကြံလမ်းမကြီးပေါ် ဂျိုင်းမြစ်ကိုဖြတ်၍ လေးလမ်းသွား ဂျိုင်း-ကော့ကရိတ် တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနက တည်ဆောက်လျက်ရှိသည်။

ရန်ကုန်-မြဝတီလမ်းသည် အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးဖြစ်သည်။ တံတားကို ဂျပန်နိုင်ငံမှ ချေးငွေ JICA ODA Loan ဖြင့် တည်ဆောက် နေခြင်းဖြစ်ရာ တံတားအမျိုးအစားမှာ Prestressed Concrete Extradosed Bridge ဖြစ်ပြီး တံတားအလျားမှာ မီတာ ၅၈၀ ရှိသည်။ တံတားစီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။

အာရှလမ်းမကြီး အမှတ်(၁) (AH1) နှင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမပေါ်ရှိ အဆိုပါ ဂျိုင်း-ကော့ကရိတ်တံတား တည်ဆောက်ပြီးစီးသွားပါက မြန်မာနိုင်ငံ ဒေသအသီးသီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်တို့မှ မြဝတီမြို့နယ်စပ် ကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများကို အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင် ရောင်းဝယ်နိုင်တော့မည် ဖြစ်သည်။

ခရမ်း-စိုးမြင့်