၂၀၅၀ ပြည့်နှစ်တွင် အာရှဒေသရှိ လူဦးရေ တစ်ဘီလီယံမှာ အသက်အန္တရာယ်ထိခိုက်နိုင်သည့် အပူလှိုင်းဒဏ် ခံစားရမည်

05-Dec-2020

ဗန်ကောက် ဒီဇင်ဘာ ၄

၂၀၅၀ ပြည့်နှစ်တွင် ရာသီဥတုဖောက်ပြန်မှုပိုမိုဆိုးရွားလာခြင်းနှင့်အတူ အာရှတိုက်ရှိ လူဦးရေ တစ်ဘီလီယံတို့မှာ  အသက်အန္တရာယ် ထိခိုက်နိုင်သည့် အပူလှိုင်းဒဏ်သင့်မှုကို ခံစားကြရမည်ဖြစ်ကြောင်း နာမည်ကျော် အတိုင်ပင်ခံ လုပ်ငန်း မက်ကင်ဆေးအင်စတီကျုမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာရှနိုင်ငံများအနေဖြင့်   ပါရီသဘောတူညီချက်ပါ ရည်မှန်းချက်များ  တိုးတက်အောင် မဖော်ဆောင်နိုင်မှု ကြောင့်   ၂၀၅၀ ပြည့်နှစ်အရောက်တွင် လက်ရှိ အာရှဒေသ၏ ပျမ်းမျှအပူချိန်မှာ လက်ရှိအပူချိန်ထက်  ၂ ဒီဂရီနှင့်အထက် ထပ်မံတိုးလာဖွယ် ရှိနေသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် မြို့ပြဧရိယာ တိုးချဲ့လာမှုကြောင့်  သစ်တောပြုန်းတီး မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ထပ်တိုးလာဦး မည်ဖြစ်ကာ     ရာသီဥတုဖောက်ပြန်မှုကြောင့်  စိုက်ပျိုးမှု ကဏ္ဍတွင် ထိခိုက်မှုများ ရှိလာမည်ဖြစ်သည်။ စိုက်ပျိုးရေး ကို အဓိကအခြေပြုထားသည့် အာရှနိုင်ငံများအတွက် စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းမှာပင် စီးပွားရေးထိခိုက်မှု တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံမှ ၄ ဒသမ ၈ ထရီလီယံအထိ ရှိလာနိုင်ဖွယ်ရှိကြောင်းလည်း မက်ကင်ဆေးက ခန့်မှန်းချက် ထုတ်ခဲ့သည်။

“ လူတွေက တစ်နှစ်ကို ဝင်ငွေတိုးလာဖို့ပဲ စဉ်းစားကြတာပါ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းကနေ  ရာသီဥတု မမှန်ဘဲ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အပျက်အစီးတွေ ကြုံလာမယ်။ ထိခိုက်လာမယ်ဆိုတာ မစဉ်းစားကြဘူး” ဟု မက်ကင်ဆေးကုမ္ပဏီဥက္ကဋ္ဌ အိုလီဗာတွန်ဘီက ပြောကြားခဲ့သည်။

တောင်အာရှ၊ အရှေ့အာရှဒေသတို့တွင် ထိခိုက်မှုများ များပြားနိုင်သလို အရှေ့တောင်အာရှနိုင်ငံများအနက် ဗီယက်နမ်မှာ ထိခိုက်မှုအများဆုံးနိုင်ငံ ဖြစ်လာနိုင်ကြောင်း မက်ကင်ဆေး၏ ခန့်မှန်းချက်တွင် ဖော်ပြပါရှိသည်။

ကိုးကား- ဗန်ကောက်ပို့စ်၊

ဘာသာပြန်-မေလဲ့သင်း