၂၀၂၀ ရွေးကောက်ပွဲ တပ်မတော်သားတွေ ဘယ်ပါတီကို မဲပေးခဲ့ကြသလဲ

10-Nov-2020

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု အစိုးရအဆင့်ထိ ဖွဲ့ဖို့ အနိုင်ရဖို့ရှိနေတဲ့ NLD ပါတီကို တပ်မတော်သားတွေဘက်ကရော မဲပေးခဲ့ကြသလား။NLD ဦးဆောင်ဖို့ရှိနေတဲ့ အရပ်သားအစိုးရ လာမယ့် ငါးနှစ်သက်တမ်းအတွင်း အရပ်ဘက် စစ်ဘက် ဆက်ဆံရေး အားပြိုင်မှုတွေ ဘယ်လိုရှိမလဲ။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး သုတေသနအဖွဲ့ဖြစ်တဲ့ The Stimson Center ရဲ့သုတေသီ ကိုအမရ သီဟကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုမြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အခြေအနေက ဘယ်လိုရှိနေပြီလဲရှင့်။

ဖြေ။ ။ UEC က တရားဝင် ကြေညာထားတာ မရှိပေမယ့် ကျနော်တို့ မြေပြင်သတင်းတွေနဲ့ရော လက်ရှိအခြေအနေအရတော့ လိုအပ်တဲ့ ၃၂၀ ကို ကျော်ပြီးတော့ ၄၀၀ နီးပါးကပ်နေပြီ။ ၄၀၀ ကျော်တယ်လို့ ပြောတဲ့လူတွေလည်းရှိပါတယ်။ ဒါပေမယ့် သေချာတဲ့အခြေအနေ တခုကတော့ NLD က ဗဟိုအစိုးရကနေပြီးတော့ ၊ ပြည်ထောင်စုအစိုးရအဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် ဖွင့်နိုင်ပြီလို့ ပြောလိုရပါတယ်ခင်ဗျ။

မေး။ ။ အခုလို NLD ကနေပြီးတော့ လုံဝကို သူတို့ အစိုးရ ဖွဲ့နိုင်တဲ့ အနေအထားထိ ရောက်နိုင်မယ်ဆိုရင် အခုလာမယ့် မြန်မာနိုင်ငံမှာ အုပ်ချုပ်နိုင်မယ့် အခြေအနေပေါ့ ဘာဖြစ်လို့လဲဆိုတော့တဖက်မှာလည်း မြန်မာ့တပ်မတော်နဲ့ အားပြိုင်နေရတဲ့ အပိုင်းလည်းရှိသလို လွှတ်တော်ထဲမှာလည်း သူတို့က ၂၅ ရာခှိုင်နှုန်းပါနေတဲ့ အခါကျတော့ အခင်းအကျင်းတွေက ဘယ်လို ဆက်ဖြစ်လာဦးမလဲရှင့်။

ဖြေ။ ။ အဓိကတော့ ၂ ခုပေါ့နော် ပထမတခုကတော့ အရင်အတိုင်းပဲ စစ်တပ်ကတော့ ဆက်ရှိနေမယ်။ ဒါပေမယ့် အစိုးရ ဖွဲ့ဖို့ကိုလည်း အဟန့်အတားကို လုပ်မယ်မထင်ဘူး ဘာဖြစ်လို့လဲဆိုတော့ တပ်ချုပ်ကိုယ်တိုင်က လက်ရှိ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပါမယ်လို့ သူက မဲပေးတဲ့နေရာမှာလည်း ပြောခဲ့တဲ့အတွက် ရွေးကောက်ပွဲရလဒ်ကလည်း သူက အရင် ရွေးကောက်ပွဲမှာ အသိအမှတ်ပြုခဲ့ပြီးတဲ့အတိုင်း အခုလည်း သူတို့ အသိအမှတ်ပြုမယ့် အလားအလာရှိတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ပြန်ကြည့်ရင် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာက တပ်မတော်နဲ့ ဒီ အာဏာရ ပါတီ အစိုးရတွေကြားမှာ ကျနော်တို့က နည်းနည်းလေး ဟလာခဲ့တာ မြင်ရတယ်ပေါ့။ ဒီ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက အားမကောင်းလာခဲ့တဲ့အတွက် ကျနော်တို့က Up coming years ပေါ့ ၊ ရှေ့လာမယ့် နှစ်တွေမှာလည်း အရင် ၅ နှစ်အတိုင်း ဆက်သွားမယ်ဆိုရင်တော့ ကျနော်တို့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက အတော်ကြီးကို ဟ သွားမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့ သုံးသပ်လို့ ရပါတယ်ခင်ဗျ။ ဒါပေမယ့် တချိန်တည်းမှာပဲ ဒီနေ့ပဲ အခုလွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်းကပဲ တပ်မတော်က လက်ရှိ ငြိမ်းချမ်းရေးကို NCA လမ်းကြောင်း အတိုင်း ဆက်သွားဖို့ဆိုပြီးတော့ သက်ဆိုင်ရာ ဒုတိယ ဗိုလ်ချုပ်ကြီးတွေကို ကော်မတီ ဖွဲ့ပေးပြီးတော့ဆက်ပြီး ညှိနှိုင်းပါဆိုတဲ့ စာထုတ်တာတွေ့ရတဲ့အတွက် တပ်ကတော့ ဘယ်အစိုးရဖြစ်ဖြစ် NCA ကို ဆက်ပြီးတော့သွားမယ်ဆိုတဲ့ မူဝါဒ ရှိပုံရပါတယ်။ ဒီတော့ လက်ရှိ ရှေ့လျှောက်အခင်းအကျင်းကတော့ ပထမတခုက စစ်တပ်က ၂၅ ရာခိုင်နှုန်း ဆက်ပြီးတော့ လွှတ်တော်ထဲမှာ ရှိနေမယ် ၊ ဒုတိယအချက်ကတော့ သူတို့သည် political leverage ကို ဆက်ယူဖို့အတွက် သူတို့သည် NCA လမ်းကြောင်းကနေ ဆက်ပြီး ညှိနှိုင်းသွားဖို့နဲ့ NCA လမ်းကြောင်းကို ဆက်ပြီး တွန်းရမယ်ဆိုတဲ့ ပုံစံမျိုး ကျနော်တို့ တွေ့ရပါတယ်ခင်ဗျ။

မေး။ ။ အဲဒီအခါကျတော့ ဒီ လွှတ်တော်ထဲမှာ အခု တပ်မတော်က ခန့်အပ်မယ့် ဒုသမ္မတ အနေအထားမှာရော ဘယ်လိုမြင်သလဲရှင့်။ အခု သတင်းကြားနေရတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ၆၅ နှစ်ပြည့်ပြီဆိုတော့ အဲဒီကနေ သူ အငြိမ်းစားယူပြီးတော့များ ဒုသမ္မတဖြစ်လာနိုင်ဖွယ်ရော ရှိလားရှင့်။

ဖြေ။ ။ ပုံမှန်ဆိုရင်တော့ တပ်ချုပ်ကနေ အနားယူပြီးတော့ ဒုသမ္မတဝင်တယ်ဆိုတာတော့ တော်ရုံတန်ရုံတော့ ရှိမယ်မထင်ဘူး။ ဒါပေမယ့် တချိန်တည်းမှာပဲ ဒီရွေးကောက်ပွဲ မတိုင်ခင်က တပ်ချုပ်ကိုယ်တိုင်က ဒီ ဒုသမ္မတနဲ့ ရာထူးပုံစံတူပါတယ်ဆိုတာ ဖြေရှင်းတာမျိုး ထွက်ထားတာတွေ့ရတယ်။ တချိန်တည်းမှာပဲ သူက တပ်ချုပ်ကိုယ်တိုင်က တပ်ကနေပြီးတော့ အနားယူပြီးတော့ ဆက်ပြီးသွားဖို့ဆိုတဲ့ဟာမျိုးကလည်း သူက အပိုင်းအခြားတခုရှိလာပြီဖြစ်တဲ့အတွက် ဒါက မျှော်မှန်းချင်ရင်တော့ မျှော်မှန်းလို့ရတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဒါပေမယ့် ပုံမှန်အခြေအနေမှာကတော့ ကျနော်တို့ အနေနဲ့ လက်ရှိမှာ Retire မလုပ်သေးသရွေ့ကတော့ ကျနော်တို့က ဒုသမ္မတအနေနဲ့ ရွေးကောက်မယ်လို့ မထင်ပါဘူးခင်ဗျ။ ပုံမှန်တကယ်လို့ ဒုသမ္မတအဖြစ် ရွေးကောက်ဖို့အတွက် ပြင်ဆင်နေပြီဆိုရင်တော့ အခုအချိန်မှာ တပ်မတော်အတွင်းမှာ အဆင့်ဆင့်ပြောင်းလဲဖို့အတွက်ကို အချိန်ယူရမှာဖြစ်တဲ့အတွက် ၃ လဆိုတဲ့ အချိန်မှာ ကျနော်တို့အနေနဲ့ကတော့ သိပ်ပြီးမျှော်မှန်းထားတာ မရှိပါဘူး။

မေး။ ။ ဒီအခု ရွေးကောက်ပွဲမှာ တပ်မတော်သားတွေဘက်က မဲပေးတဲ့နေရာမှာ ထူးခြားချက်ကလည်း သူတို့ မဲရုံတွေက တပ်တွင်းမှာ မဟုတ်ပဲနဲ့ အပြင်ဘက်မှာ ဖြစ်နေတဲ့ အပိုင်းလည်း ရှိလာတော့ အခုဒီ တပ်မတော်သားတွေဘက်က မဲပေးတဲ့အနေအထားတွေရော ဘယ်လိုတွေ့ရသလဲရှင့်။

ဖြေ။ ။ နေပြည်တော်က လွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်း ၊ ဒီ ပြည်မ ဒေသတွေမှာပေါ့လေ အဲဒီမှာ တပ်မဲရုံတွေ တော်တော်များများက NLD ကို မဲပေးတာတွေ့ရတယ်။ ကျနော်တို့ တချို့ တပ်မတော်သားတွေကိုလည်း မေးကြည့်တော့ သူတို့အနေနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး မဲပေးခွင့်ရှိတယ်ဆိုတာ တေ့ွရတယ် တချို့ ပြောသလို Pressure ပေးတယ်ဆိုတာလည်း မရှိဘူးပေါ့နော်။ ဒီတော့ တပ်မတော်သားတွေအနေနဲ့ကတော့ လက်ရှိအခြေအနေမှာ လွတ်လွတ်လပ်လပ် မဲပေးပြီးတော့ ပွင့်လင်းမြင်သာတဲ့ စနစ်တခုအောက်မှာ မဲပေးခဲ့ရတယ်လို့ ပြောပါတယ်ခင်ဗျ။ ဒီတော့ တပ် မတော်သားတွေ အနေနဲ့ကတော့ ဒီကိစ္စကိုတော့ အတော်လေးကို အဆင်ပြေတယ်ပေါ့။ ဒါပေမယ့် တချိန်တည်းမှာပဲ တပ်မတော်သားတွေအနေနဲ့က တခုပေါ့နော် မဲဆွယ်တဲ့ ကာလမှာ တပ်မတော်ကို ပြောတာဆိုတာတွေ ရှိလာတဲ့ဟာမျိုးကိုတော့ သူတို့နဲ့ အတော်လေး အဆင်မပြေဘူး ဆိုတာလည်း ကြားသိရပါတယ်။

Crd VOA News