ယောမင်းကြီးအုတ်ကျောင်း

Listing Description

ယောမင်းကြီးအုတ်ကျောင်းသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်တွင် တည်ရှိသည်။ ယင်းကျောင်းကို ဣဋ္ဌကာရာမ ယောမင်းကြီးအုတ်ကျောင်းဟု လည်း ခေါ်ဆိုကာ မန္တလေးမြို့မှအထွက် ဂေါက်ကွင်းနှင့် မျက်နှာချင်းဆိုင် မန္တလေး-မတ္တရာ မော်တော်ကားလမ်း၏ လက်ဝဲဘက်တွင် မြင်တွေ့ရပါသည်။ မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်(ခရစ်နှစ် ၁၈၆၆ နှစ်)က ယော အတွင်းဝန် ဦးဘိုးလှိုင်က ငွေကျပ် ၉၀၀၀၀ အကုန်အကျခံ၍ တည်ဆောက်ခဲ့ရာ မင်းတုန်းမင်းက အလှူငွေ ကျပ် ၁၀၀၀၀ ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ကျောင်းတွင်ပုံဖော်ထားသည့် အင်္ဂတေပန်းများသည် အရှေ့တိုင်းနှင့် အနောက်တိုင်း အနုပညာနှစ်ရပ်ကို ပေါင်းစပ် ပြုလုပ်ထားသည်။ ဥရောပဟန်ကြောင်လိမ်လှေကား ၊ ခုံး ဆောင်၊ ဆင်ဝင်၊ အင်္ဂတေနံရံပေါ်မှ မြန်မာကနုတ်ပန်းများ၊ ခြင်္သေ့ခံတိုင်လုံးများ သည် မြင်ရသူများအား ဆွဲဆောင်လျက် ရှိပါသည်။