ရွှေဂူကြီးဘုရား

Listing Description

ရွှေဂူကြီးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနန်းမြို့ရိုးအတွင်း သဗ္ဗညုဘုရားကြီး၏ မြောက်ဘက်တွင် တည်ရှိပါသည်။ ရွှေဂူကြီးဘုရားကို အေဒီ ၁၁၄၁ ခုနှစ်တွင် အလောင်းစည်သူမင်းကြီးက သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းရှိ ဂန္ဓကုဋီတိုက်တော်ပုံစံကိုအတုယူ၍ နန်းတော်ဦး၌ တည်ထားခဲ့သောကြောင့် နန်းဦးဘုရားဟူ၍လည်း ခေါ်ကြပါသည်။ အမြင့် ၁၂ ပေရှိ အုတ်ခုံမြင့်ကြီးပေါ်တွင် တည်ထားသော ရွှေဂူကြီးဘုရားသည် ကွမ်းထောင်ပေါက်ဂူဘုရားကြီးဖြစ်ပြီး အာရုံခံမြောက်ဘက်လှည့်ပါသည်။ အုတ်ခုံကြီးပတ်လည်တွင် စဉ့်စိမ်းရောင်သုတ် အုတ်ကြွပ်များဖြင့် တန်ဆာဆင်ထားပြီး ဘုရားအပေါ်ပစ္စယာစိန်တန်းများနှင့် မှန်ကွက်များ၊ ဘုရားအခြေပတ်လည် မှန်ကွက်များတွင်လည်း အစိမ်းရောင် စဉ့်ချပ်များဖြင့် တန်ဆာဆင်ထားပါသည်။ လိုဏ်အတွင်း အလယ်မဏ္ဍိုင်လေးမျက်နှာတွင် အုတ်အင်္ဂတေ ဆင်းတုတော် လေးဆူရှိပါသည်။ တိုက်မအတွင်း မြောက်နံရံပေါက်၏ ဝဲယာတွင် မူလထိုး ပါဠိကျောက်စာနှစ်ချပ်ကို နံရံတွင် မြှုပ်၍ထားပါသည်။ အာရုံခံ မြောက်ဘက်၊ အနောက်ဘက်၊ တောင်ဘက်မုခ်တို့ပေါ်တွင် တစ်ဖက်တင် တစ်ဖက်ချ ဒွါရပါလနတ်ရုပ် နှစ်ရုပ်စီရှိပါသည်။ တိုက်မပိုင်းတွင် တစ်မျက်နှာလျှင် လေသာပြတင်း ၂ ခုစီ၊ ပေါင်း ၆ ခုရှိပါသည်။ မြန်မာသက္ကရာဇ် ၉၁၃ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးမှ ရွှေဂူကြီးဘုရားအား ပြုပြင်ခြင်း၊ မုခ်ပေါက်များတွင် ပန်းပုရုပ်ကြွများထွင်းထုထားသော သစ်သားတံခါးကြီးများ တပ်ဆင်ခဲ့ပါသည်။ ရာဇဝင်သမိုင်းများ၏အဆိုအရ အလောင်းစည်သူမင်းကြီး နာမကျန်းဖြစ်နေ၍ သားတော်အငယ်ဖြစ်သူ နရသူသည် နန်းဦးဘုရားဖြစ်သော ရွှေဂူကြီးဘုရားအတွင်းသို့ပို့ထားသည်။ ထို့နောက် အဝတ်ခေါင်းအုံးတို့ဖြင့် ဖိသတ်လေသဖြင့် အလောင်းစည်သူမင်းကြီး ရွှေဂူကြီးဘုရားတွင်း၌ပင် နတ်ရွာစံရသည်ဟု ရာဇဝင်တွင်ခဲ့ပါသည်။ ရွှေဂူကြီးဘုရားတွင် အင်္ဂတေပန်း၊ အင်္ဂတေဖြင့် ပြုလုပ်ထားသော ရုပ်ပုံအမျိုးမျိုး၊ ဘီလူးပန်းဆွဲ၊ မုခ်တံကဲ၊ စဉ့်ကွင်းအချို့ နှင့် နံရံပေါင်းကူး (မုခ်ခုံး) များကို လေ့လာနိုင်ပါသည်။