ရတနာပုံမောင်စု (၁၉၀၁ - ၁၉၆၅)

Listing Description

တေးရေးဆရာ၊ အဆိုတော်၊ ပန်းချီဆရာ ရတနာပုံမောင်စုကို မန္တလေးမြို့ ၂၆ ဘီလမ်း ချမ်းအေးသာစံ အလယ်ရပ်၌ အဘ ဦးသာဒွန်း၊ အမိ ဒေါ်ကြည်တို့မှ ၁၉၀၁ ခုနှစ်တွင် ဖွားမြင်သည်။ မွေးချင်း ၄-ဦးအနက် အထွေးဆုံး သားဖြစ်သည်။ 

မန္တလေးမြို့ ဝက်စလီ (အင်္ဂလိပ်-မြန်မာ) ကျောင်းတွင် အထက်တန်းပညာထိ ဆည်းပူးခဲ့ပြီး မန္တလေးမြို့ အစိုးရကြေးနန်းရုံးကြီးတွင် ကြေးနန်းစာရေးအဖြစ် အမှုထမ်းခဲ့သည်။

ရန်ကုန်မြို့တွင် ပြောင်းရွှေ့နေထိုင်ပြီးနောက် ရုပ်ရှင်မင်းသားကြီး ခင်မောင်ရင် (ဗိုလ်အောင်ဒင် - မင်းသား)နှင့်  တေးဂီတနယ်ပယ်တွင် အတူတကွ ပါဝင်လှုပ်ရှားခဲ့သည်။ ကိုလံဘီယာကုမ္ပဏီတွင် ဓာတ်ပြား (၁၃)ချပ်မျှ သွင်းခဲ့သည်။ မောင်စု၏သီချင်းဓာတ်ပြားများမှာ (၁) ဇာတိချက်ကြွေ၊ (၂) တစ်ရွာသား၊ (၃)ခါနွေဦး၊ (၄)ဂွတ်နိုက်ဒါလင်၊ (၅)နှစ်သွယ်စကြာ၊ (၆)လူပျိုစင်၊ (၇)မြတ်နိုးသူ၊ (၈)လောကဤလူ့ဘုံ၊ (၉)မောင်တို့ရွာ၊ (၁၀)ညိုညိုလေး စသည်များ ဖြစ်သည်။ ကိုယ်တိုင်ရေးစပ် သီဆိုသော သီချင်းများဖြစ်သည်။ 

နောက်ပိုင်းတွင် ပန်းချီရေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။

ရန်ကုန်မြို့ တာမွေမြို့ နယ်တွင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့် (အန်တီကြီး)နှင့် သားသမီးသုံးယောက် ထွန်းကားခဲ့ရာ ဦးသောင်းစု (သုတေသန)၊ ဒေါ်ရင်ရင်စုနှင့် ဒေါ်ဖြူဖြူစုတို့ ဖြစ်သည်။

အသက် (၆၄)နှစ်အရွယ် ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။