ရုံးအမှတ် (၄၈)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

Listing Description

၁။     လူဝင်မှုကြီးကြပ်ရေးဗျူရိုကို (၁-၈-၁၉၄၁) ရက်နေ့တွင် အလုပ်သမားဌာနအောက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဌာနခွဲအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်၊ ၁၉၅၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ တွင်သန်းခေါင်စာရင်းမင်းကြီးရုံးကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနလက်အောက်၌ ဖွဲ့စည်းခဲ့ပါသည်၊ ၁၉၅၁ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ တွင် မှတ်ပုံတင်အရာရှိချုပ်ရုံးကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းခဲ့ပါသည်။

၂။     လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၊ မှတ်ပုံတင်အရာရှိချုပ်ရုံးနှင့် သန်းခေါင်စာရင်းမင်းကြီးရုံးတို့ကို စုစည်း၍ ၁၉၅၇ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ဦးစပ်ထွန်းအေး၊ ဦးခင်မောင်ဖြူ၊ ဦးနု၊ ဦးဘစော၊ ဦးကျော်စိုး ဝန်ကြီး (၅) ပါး အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ကြပါသည်၊ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ တွင်ဝန်ကြီးဌာနအဖြစ်မှ ဖျက်သိမ်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအဖြစ် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာနလက်အောက်၌ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၃။     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ မတ်လ (၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃/၉၂)ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန(၂)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံဌာနအဖြစ် တည်ရှိခဲ့ပါတယ်။

၄။     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် စီမံခန့်ခွဲရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ် (၃၁/၉၅)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ပြန်လည်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဦးစီးဌာန တစ်ခုတည်းသာ တည်ရှိခဲ့ပါသည်၊ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ အစည်းအဝေးအမှတ်စဉ် (၃၇/၉၇)နှင့် နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူညီချက်အရ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အား ဦးစီးဌာန (၂)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၅။     ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့်နိုင်ငံသားမှတ်ပုံတင်ရေးလုပ်ငန်း နှင့် ပြည်သူ့အင်အားစာရင်း ကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းများသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့အတွက် အလွန်အရေးပါသောလုပ်ငန်းများဖြစ်၍ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၅)မှ သဘောတူခွင့်ပြုချက်အရ (၇-၁-၂၀၁၆) ရက်နေ့တွင် ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၆)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်တွင် ဝန်ကြီးရုံး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနဟူ၍ ဦးစီးဌာန(၃)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၆။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါအမိန့်အမှတ် (၃/၂၀၁၆)ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၇။     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ၁-၈-၂၀၂၁ ရက်စွဲပါအမိန့်အမှတ်၊ ၁၅၀/၂၀၂၁ ဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအား အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။