ရုံးအမှတ် (၁၆)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Listing Description

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နောက်ခံသမိုင်း

ကိုလိုနီခေတ် ၁၉၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မေမြို့ (ပြင်ဦးလွင်) ၌ သမဝါယမင်းကြီးရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။

၁၉၅၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံသမဝါယမနှင့် ကုန်စည် ဖြန့်ဖြူးရေးဝန်ကြီးဌာနကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

၁၉၆၂ ခုနှစ်၊ မတ်လ (၁၉) ရက်နှင့် (၆) ရက်နေ့များတွင် ထောက်ပံ့ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းခဲ့ပြီး၊ ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနဖြစ်လာခဲ့ပါသည်။

၁၉၆၅ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့စွဲပါ တော်လှန်ရေးကောင်စီကြော်ငြာချက်အမှတ် (၆၆) အရ ကုန်သွယ်ရေးဝန်ကြီးဌာနဟူ၍ သီးခြားဖွဲ့စည်းတည်ထောင်သောအခါ ထောက်ပံ့ရေးနှင့် သမဝါယမ ဝန်ကြီးဌာနသည် သမဝါယမဝန်ကြီးဌာနအဖြစ် သီးသန့်ပြောင်းလဲခဲ့သည်။

စက်မှုဝန်ကြီးဌာန လက်အောက်မှ ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းကော်ပိုရေးရှင်း ပါဝင်လာခဲ့သည်။  ၃၀-၃-၁၉၇၆  ရက်နေ့တွင် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

သမဝါယမဦးစီးဌာနဖွဲ့စည်းပုံကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၉/၉၁) အတည်ပြုချက်အရ ၁၉၉၁ ခုနှစ် ၊ အောက်တိုဘာလ (၃၀) ရက်နေ့မှ စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၄ ခုနှစ်၊ ဇူလိုင်လ (၇) ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ စာအမှတ်၊ ၂၁/ ၉၄ အဖရ ၉၄(၁၅) နဝတဖြင့် သမဝါယမပို့ကုန်သွင်းကုန်လုပ်ငန်း (Cooperative Export Import Enterprise) ကို ပို့ကုန်ပစ္စည်းများ တင်ပို့ခြင်းသာမက ပြည်ပဈေးကွက်သို့ ပို့ကုန်ပစ္စည်းအမယ်သစ်များ တိုးမြှင့်တင် ပို့ရန်၊ ပို့ကုန်လုပ်ငန်းမှရရှိသည့် နိုင်ငံခြားဝင်ငွေဖြင့် နိုင်ငံတော်အဖွဲ့အစည်းများ သမဝါယမအသင်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ လိုအပ်သော သွင်းကုန်ပစ္စည်းများ တင်သွင်းပေးရန်နှင့် ပြည်ပဈေးကွက်များ တိုးချဲ့နိုင်ရေးဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် သမဝါယမဝန်ကြီးဌာနတွင် ဖွဲ့စည်းခဲ့ပါသည်။ ထို သမဝါယမပို့ကုန်သွင်းကုန်လုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁) ရက်မှစ၍ သမဝါယမကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။

၃၁-၅-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၂) သဘောတူခွင့်ပြုချက်အရ သမဝါယမဒီဂရီကောလိပ်(သန်လျင်)နှင့် သမဝါယမကောလိပ် (စစ်ကိုင်း) ကို သမဝါယမတက္ကသိုလ် (သန်လျင်)နှင့် သမဝါယမတက္ကသိုလ် (စစ်ကိုင်း) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ခုနှစ်တွင် သမဝါယမဝန်ကြီးဌာနကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၂၁)ဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်တွင် သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၉-၁၁-၂၀၂၁ ရက်စွဲပါစာအမှတ်၊ ၁/၁/၂၉/ သမကျေးလက် (၁၂၁၆/၂၀၂၁)နှင့် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၅-၁၁-၂၀၂၁ ရက်စွဲပါစာအမှတ်၊ အုပ်ချုပ်မှု (ဖွဲ့စည်းပုံ)/၂၀၂၁ (၉၆၂၈) ဖြင့် သမဝါယမတက္ကသိုလ်(သန်လျင်) နှင့် (စစ်ကိုင်း)တို့အား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)/ (စစ်ကိုင်း) ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။