ရုံးအမှတ် (၂၇)၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Listing Description

မြန်မာ့လွတ်လပ်ရေးအကြိုခေတ်တွင် အမျိုးသားခေါင်းဆောင်ကြီးများက နိုင်ငံအတွက် စီမံကိန်း ရေးဆွဲရာ၌ လယ်ယာစိုက်ပျိုးရေးကို ခေတ်မီစွာတိုးချဲ့လုပ်ကိုင်ရေး၊ အိမ်တွင်းစက်မှုလုပ်ငန်းများနှင့် သာမန်စက်မှု လုပ်ငန်းကို ပြည်တွင်းထွက်သယံဇာတပစ္စည်းများ အသုံးပြုရေးတို့မှာ အရေးကြီးကြောင်း သုံးသပ်ခဲ့ကြပါသည်။ ဤကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် လျှပ်စစ်ဓာတ်အားကို နိုင်ငံနှင့်အဝှမ်း ပြည့်ပြည့်စုံစုံလုံလုံ လောက်လောက်ဖောဖောသီသီအသုံးပြုနိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင် ရေအားလျှပ်စစ် ဓာတ်အားသာလျှင် စရိတ်အကျဉ်းဆုံးဖြစ်၍ ရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံးအကောင်အထည် ဖော်ရန်ဟူသော ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ်၊ ဇွန်လတွင် စတင်ရေးဆွဲသည့် ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားတိုးတက်ရေး(၂)နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း)တွင် ထည့်သွင်းခဲ့ကြပါသည်။

နိုင်ငံတော်လွပ်လပ်ရေးရရှိသည်နှင့်တပြိုင်နက် ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ Electricity Supply Board (ESB) ကို စက်မှုလက်မှု၀န်ကြီးဌာနအောက်၌ ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားပေးရေးအက်ဥပဒေနှင့်အညီ စတင်ဖွဲ့စည်းခဲ့ပါသည်။

၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကို လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း Electric Power Corporation (EPC) ဟုပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

၁၉၇၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စက်မှုလက်မှု၀န်ကြီးဌာနအား အမှတ်(၁) စက်မှု၀န်ကြီးဌာနနှင့် အမှတ်(၂)စက်မှု၀န်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ၊ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းသည် အမှတ်(၂) စက်မှု၀န်ကြီးဌာန လက်အောက်တွင်ပါ၀င်ခဲ့ပါသည်။

၁၉၈၅ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် အမှတ်(၂) စက်မှု၀န်ကြီးဌာနမှ စွမ်းအင်၀န်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရာ၊ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းသည် စွမ်းအင်၀န်ကြီးဌာန လက်အောက်တွင် ပါ၀င်ခဲ့ပါသည်။

၁၉၈၉ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းကိုမြန်မာ့ လျှပ်စစ် ဓာတ်အားလုပ်ငန်း Myanma Electric Power Enterprise (MEPE) ဟု ပြင်ဆင်ဖွဲ့စည်း ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းရာတွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်၌ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဦးစီးဌာနဟူ၍ ဌာန(၃)ဌာနဖြင့် ဖွဲ့စည်း ခဲ့ပါသည်။

၂၀၀၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခု ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင် အဆိုပါဝန်ကြီးဌာန(၂)ခုကို ပူးပေါင်းပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ဦးစီးဌာန(၃)ခု၊ လုပ်ငန်း(၂)ခုနှင့် ကော်ပိုရေးရှင်း(၂)ခုတို့ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။