ရုံးအမှတ် (၂၁)၊ ပညာရေးဝန်ကြီးဌာန

Listing Description

မြန်မာနိုင်ငံ၏ ပညာရေးသည် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ရပ်ရွာဒေသအလိုက်တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများတွင် တက်ရောက်သင်ယူခွင့် ရရှိခဲ့ကြသည်။ ဗြိတိသျှအစိုးရက ၁၈၆၆ခုနှစ်မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် ပညာရေးဌာနကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးသင်ကြားမှုပုံစံမှ အတန်းသင်ပညာရေး သင်ကြားမှု ပုံစံသို့ စတင်ပြောင်းလဲခဲ့ပါသည်။ ၁၈၈၄ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၂၅ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ၁၈၇၆ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (နောမန်ကျောင်း)ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေးဌာနမှ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ဆရာဖြစ်သင်ကောလိပ်ကို ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော် ဆရာအတတ်သင်သိပ္ပံကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းကိုရေးဆွဲပြီး ၁၉၅၂ခုနှစ်မှစ၍ ၄နှစ်စီမံကိန်းများချမှတ် အကောင်အထည်ဖော်ခဲ့သည်။ လူထုပညာရေး စီမံကိန်းအရ အရေး၊ အဖတ်၊ အတွက် အခြေခံတတ်မြောက်ရေးအတွက် "အ" သုံးလုံး သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့ပါသည်။ ၁၉၆၂ခုနှစ် မတိုင်မီ ဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှု ရေးသိပ္ပံ၊ သစ်တော စသည့် မဟာဌာနများကို တက္ကသိုလ်များတွင် ဖွဲ့စည်းပြီး အထူးပြုဘာသာရပ် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ၁၉၆၂ ခုနှစ်မှစ၍ အချို့သော မဟာဌာနများကို သီးခြားတက္ကသိုလ်များအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။

၁၉၇၁ခုနှစ်မှစ၍ ပညာရေး ၄ နှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ အခြေခံပညာကဏ္ဍတွင် ပညာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲဆောင်ရွက်ခဲ့သည်။ ပညာရေးသုတေသန လုပ်ငန်းများ၊ ပညာရေး စစ်တမ်း ကောက်ယူလေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-၁၉၆၅ ခုနှစ်မှစ၍ သက်ကြီးစာတတ်မြောက်ရေး "အ"သုံးလုံး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။

၂၀ဝ၀-၂၀ဝ၁ ဘဏ္ဍာ‌ရေးနှစ်မှ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာရေးနှစ်အထိ အမျိုးသားပညာရည် မြင့်မားရေး အထူးလေးနှစ်စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသားပညာရည် မြင့်မားရေး အနှစ်(၃၀) နှစ်ရှည်စီမံကိန်းကို ၂၀ဝ၁-၂၀ဝ၂ ဘဏ္ဍာ‌ရေးနှစ်မှ ၂၀၃၀-၃၀၃၁ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ခဲ့ကာ နှစ်တို(၅)နှစ် စီမံကိန်းကာလ(၆)ခု ပိုင်းခြား၍ အကောင်အထည်ဖော်လျက်ရှိပါသည်။

ဖွဲ့စည်းပုံ

ပြည်ထောင်စုဝန်ကြီးရုံး

အဆင့်မြင့်ပညာဦးစီးဌာန

ဆရာအတတ်ပညာဦးစီးဌာန

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန

အခြေခံပညာဦးစီးဌာန

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန

လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန

Naypyitaw State Acadamy