သမီးဝှက်နှင့် မြားသဥမင်

Listing Description

မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးရှိ ရှေးဟောင်းအဆောက်အအုံများအနက် ထူးခြားသော ဥမင်အမျိုးအစား အဆောက်အအုံများဖြစ်သည့် သမီးဝှက်ဥမင်နှင့် မြားသဥမင်တို့သည် ငှက်ပစ်တောင်၏ အရှေ့မြောက်ယွန်းယွန်းတွင် တည်ရှိပါသည်။ သဲကျောက်တောင်နံရံများကို ထွင်းဖောက်ပြီး အပြင်ဘက်မှ အုတ်ရိုးနံရံများဖြင့် အခိုင်အမာစီကာ တည်ဆောက်ထားရှိပါသည်။ လိုဏ်ဂူအတွင်း တစ်ခန်းနှင့် တစ်ခန်း ဆက်သွယ်ကာ ဝင်္ကပါသဖွယ် နေရာများစွာ ပြုလုပ်ထားရှိသည်။ ပူပြင်းသော ရာသီဥတုဒဏ်မှ သက်သာရာရ၍ ရဟန်းသံဃာတော်များနှင့် ဥပါသကာများ တရားအားထုတ်ခြင်း၊ သီတင်းသုံးနေထိုင်ခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားရှိခဲ့ဟန်တူပါသည်။ မြောက်ဘက်ရှိ မြားသဥမင်မှာ ရှေ့ပိုင်းတွင်အုတ်ဖြင့်တည်ဆောက်ထားကာ လိုဏ်ဂူအတွင်း၌ ဥမင်အခန်းအသွယ်သွယ်ကို ဝင်္ကပါသဖွယ် ဆောက်လုပ်ထားပြီး ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကိုလည်း တစ်ပါတည်း ထုလုပ်ထားရှိပါသည်။ ပုဂံခေတ် နံရံဆေး‌ရေးပန်းချီအချို့ကိုလည်း လိုဏ်ဂူနံရံအချို့၌ တွေ့မြင်နိုင်ပါသည်။ မြားသဥမင်၏ တောင်ဘက်အနီးရှိ သမီးဝှက်ဥမင်သည် မြေသားဥမင်ဖြစ်ပြီး မြားသဥမင်ကဲ့သို့ပင် သဲကျောက်တောင်ကို ထွင်းဖောက်ကာ အခန်းအသွယ်သွယ်ဖြင့် ပြုလုပ်ထားပြီး ဥပစာ၌ အုတ်ရိုးများ အခိုင်အမာစီကာ ဆောက်လုပ်ထားပါသည်။ ထိုလိုဏ်ဂူအတွင်းရှိ သက္ကရာဇ် ၇၉၇ ခုနှစ်တွင်ရေးထိုးသော အင်းဝမိုးညှင်းမင်းတရားလက်ထက် တောင်တွင်းသင်္ချာ၏ ကုသိုလ်တော် မော်ကွန်းကျောက်စာအရ ဤဥမင်လိုဏ်ဂူမှာ ဝမ်းဘဲကျဥမင်ဟူ၍ အမည်တွင်းကြောင်းသိရပါသည်။