စစ်သမိုင်းပြတိုက်

Listing Description

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၅၉)မိုင်(၃) ဖာလုံအနီး တည်ရှိသည်။ စုပေါင်းဧရိယာ ၆၀၃ ဒသမ ၆၈ ဧက ကျယ်ဝန်းသည့် တပ်မတော် စစ်သမိုင်းပြတိုက်၌ တပ်မတော် (ကြည်း)မှ ခင်းကျင်းပြသထားသည့် ပြခန်းဆောင် ခြောက်ဆောင်၊ တပ်မတော် (ရေ)မှ ခင်းကျင်းပြသထားသည့် ပြခန်းဆောင် သုံးဆောင်၊ တပ်မတော်(လေ)မှ ခင်းကျင်း ပြသထားသည့် ပြခန်းဆောင်သုံးဆောင် ရှိပါသည်။ ရှေးခေတ် မြန်မာ့တပ်မတော် စတင်ပေါ်ပေါက်လာချိန်မှစ၍ မျက်မှောက်ကာလအထိ  ခင်းကျင်း ပြသထားသည့်  စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံး ပြခန်း အတွင်းရှိ ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ရှေးခေတ် တပ်မတော်သုံး ပစ္စည်းများနှင့် လက်နက်ကိရိယာများ၊ နယ်ချဲဆန့်ကျင်ရေးကာလ မျိုးချစ်သူရဲကောင်းများ၏ အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများ၊ နယ်ချဲ့အင်္ဂလိပ်တို့ အသုံးပြုခဲ့သော လက်နက်ပစ္စည်းများ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဗမာ့ကာကွယ်ရေး တပ်မတော်တို့တွင် အသုံးပြုခဲ့သော လက်နက်များနှင့် ပစ္စည်းကိရိယာများ၊ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော ပစ္စည်းများ၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း ဗြိတိသျှနှင့်ချုပ်ဆိုခဲ့သော သမိုင်းဝင်စာချုပ် စာတမ်းများ၊ လွတ်လပ် ရေးရပြီးနောက် မြန်မာ့တပ်မတော်မှ ဆင်နွှဲခဲ့သော သမိုင်းဝင် တိုက်ပွဲကြီးများ နှင့် စစ်ဆင်ရေးများ၊ အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သော ပြည်တွင်းငြိမ်းချမ်း ရေး ဆောင်ရွက်ချက်များ၊ တပ်မတော်ခေါင်းဆောင်များအား ပြည်ပနိုင်ငံများ နှင့် တိုင်းရင်းသားခေါင်းဆောင်များက ပေးအပ်ခဲ့သော လက်ဆောင်ပစ္စည်းများကို စုံလင်စွာ ခင်းကျင်းပြသထားပါသည်။