ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် နေပြည်တော် ပျဉ်းမနားမြို့နယ် ကိုးတစ်နှင့် ဘို့မကျေးရွာအုပ်စုများသို့ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

Listing Description

နေပြည်တော်   ဒီဇင်ဘာ   ၂၂

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်တို့သည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်(၂) ဦးမင်းသူ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် တာဝန်ရှိသူ များနှင့်အတူ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကိုးတစ် ကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာအုပ်စုများသို့ သွားရောက် ကာ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) နှင့် သင့်တော် သည့် ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေး အခြေအနေ များကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့သည်။

လှည့်လည်ကြည့်ရှုလေ့လာ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးတစ် ရွာမကျေးရွာ၊ ခြောက်အိမ်စုကျေးရွာ၊ တောင်မြင့်ရေပူ ကျေးရွာနှင့် ၎င်းရွာအနီးရှိ ရေပူထွက်သည့် နေရာများ၊  ဘို့မအထက်ကျေးရွာများသို့ သွားရောက်ကာ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)၊ ရေပူအပန်းဖြေစခန်းနှင့် သင့်တော် သည့် ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် နိုင်မှုများကို  လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး  ကျေးရွာအတွင်း နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများအား  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိ သည့်  ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လူထုအခြေပြု  ခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်နိုင်ရန်အတွက် ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်ကို ဆောင်ရွက်နိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာဒေသများအနေဖြင့် CBT လုပ်ငန်းကို ဖော်ဆောင်နိုင်ပါက ကျေးလက် ဒေသများ ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပြီး ဒေသခံပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ CBT လုပ်ငန်းဖော်ဆောင်နိုင်ရန် လိုအပ်သည့်သင်တန်း များပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်မည် ဖြစ်ပါကြောင်း ပြောကြားကာ ကျေးရွာဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန် အလှူငွေများ ပေးအပ်ခဲ့ သည်။

ပျဉ်းမနားမြို့နယ်ရှိ ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မ ကျေးရွာအုပ်စုသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်တွင် တည်ရှိပြီး ဒေသခံများအနေဖြင့် စိုက်ပျိုးရေး အခြေခံ  တောင်ယာလုပ်ငန်းနှင့်  လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး CBT လုပ်ငန်းကို ဖော်ဆောင်နိုင်ပါက  ခရီးသွားပြည်သူများ အနေဖြင့်  ဒေသခံပြည်သူများ၏ နေထိုင်မှုပုံစံများ၊ ရေပူစမ်းနှင့် သဘာဝတောတောင် ရှုခင်း များကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်