ညောင်ရွှေဟော်နန်း

Listing Description

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ ဟော်နန်းသည် စော်ဘွားကြီးဆာစောမောင်က ၁၉၁၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ တည်ဆောက်ချိန် ၁၀ နှစ်ကျော်ကြာမြင့်ခဲ့ပြီး ၁၉၂၃ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် ပြီးစီးခဲ့သည်။ ထိုစဉ်က ဆောက်လုပ်မှုကုန်ကျစရိတ် ငွေကျပ်သုံးသိန်းကုန်ကျခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သော ညောင်ရွှေစော်ဘွားစပ်ရွှေသိုက်အထိ ရှမ်းစော်ဘွားများ ခေတ်အဆက်ဆက်နေထိုင်ခဲ့ကြသော ဟော်နန်းကြီးဖြစ်ပါသည်။ တိုင်လုံးပေါင်း ၂၁၆ လုံးအသုံးပြု၍ နှစ်ထပ်ဆောက်လုပ်ထားပြီး အရှေ့အနောက် ၂၀၁ ပေနှင့် တောင်မြောက် ၁၉၄ ပေ ကျယ်ဝန်းသော ဘုံ (၇) ဆင့်ပါ အဆောက်အအုံတစ်ခုဖြစ်ပါသည်။ ဘုံ(၇)ဆင့်၏ အဓိပ္ပာယ်မှာ စော်ဘွားခေတ်တွင် အာဏာအရှိဆုံးစော်ဘွားကိုသာ ဘုံ(၇)ဆင့်ဖြင့် စံစားစေလိုသည့်အတွက် မင်းတုန်းမင်းကြီးက ချီးမြှင့်ခြင်းဖြစ်သည်ဟု သိရပါသည်။ ညောင်ရွှေစော်ဘွားကြီးအား အခြားစော်ဘွားများက လာရောက်အရိုအသေပေးရာ အဆောင်ဖြစ်သော ကန်တော့ခံအဆောင်ကိုလည်း တွေ့မြင်ရပါသည်။ ယခုအခါ ယင်းဟော်နန်းကို ယဉ်ကျေးမှုပြတိုက်အဖြစ် ဖွင့်လှစ်ထားပြသထားပါသည်။ ဟော်နန်းအတွင်းတွင် နှီးဘုရားနှင့် အခြားဆင်းတုတော်များ၊ ဟော်နန်းတည်ထောင်သူ စော်ဘွားကြီးနှင့် အခြားအုပ်ချုပ်သူ စော်ဘွားများ၏ပုံများ၊ ၎င်းတို့၏ အသုံးအဆောင် ဝတ်ရုံများ၊ ယွန်းထည်ပစ္စည်းများ၊ စော်ဘွားပလ္လင်များ၊ လူထမ်းဝေါများ အစရှိသည်တို့ကို ပြသထားပါသည်။ ထို့အပြင် ထိုခေတ်အခါက ငွေတိုက်နှင့် သေတ္တာများ၊ လက်နက်တိုက်နှင့် ရှေးဟောင်းပစ္စည်းပေါင်းများစွာကိုလည်း တွေ့မြင်နိုင်သည်။ ဟော်နန်း၏ပုံစံသည် မန္တလေးနန်းတော်ပုံစံနှင့် ရှေးခေတ်စော်ဘွားများ၏ ဟော်နန်းများကို ပေါင်းစပ်ဆောက်လုပ်ထားသည့်ပုံစံဖြစ်၍ တစ်မူထူးခြားပါသည်။