စိုင်းစိုင်းခမ်းလှိုင်

Listing Description

အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်၊ မော်ဒယ်၊ စာရေးဆရာနှင့် ထုတ်ဝေသူတစ်ဦးဖြစ်သော စိုင်းစိုင်းခမ်းလှိုင်ကို ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့တွင် အဖ စိုင်းခမ်းလှိုင်၊ အမိ ဒေါ်ချိုချိုစံထွန်းတို့မှ ၁၉၇၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်ပြီး ညီမငယ် ၂ ယောက်နှင့် ညီတစ်ယောက်ရှိသည်။ အဖိုး (မိခင်၏ အဖေ) သည် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဖြစ်သည်။

၁၉၈၄ မှ ၁၉၉၆ အထိ တောင်ကြီးမြို့ အ.ထ.က (၁) တွင် တက်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ အသက် ၁၀ နှစ်တွင် အဆိုတော် ဇော်ဝင်းထွဋ်၏ အယ်လ်ဘမ်ကို စတင်နားထောင်ပြီး ဝါသနာပါရာ ဂီတကို စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ၄ တန်းအရောက်တွင် မိဘနှစ်ပါး ကွာရှင်းသည်။ မိခင်မှာ ဩစတေးလျသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒဂုံတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)‎ များတွင် ပညာဆည်းပူးသည်။ ဂျွန်လွင် မော်ဒယ်အေဂျင်စီတွင် တက်ရောက်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဟစ်ဟော့ဂီတနယ်ပယ်တွင် ရှင်သန်ရန်အတွက် သီချင်းများဖန်တီးရင်း ကြိုးပမ်းအားထုတ်ခဲ့သည်။ ၂၀၀ဝ ပြည့်နှစ်၊ မတ်လတွင် ပထမဦးဆုံးတေးစီးရီး "ချောကလက်ရောင် ရေခဲအိပ်မက်" ထွက်ရှိသည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ၂၀၀၁ ခုနှစ်တွင် "သူငယ်ချင်းများစွာ" အယ်လ်ဘမ် ထွက်ရှိခဲ့ပြီး လူငယ်ပရိသတ်များအကြား ရေပန်းစားခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် "ဖေဖော်ဝါရီမှတ်တမ်း" အယ်လဘမ်ကို ဖြန့်ချိခဲ့သည်။ ၎င်း အယ်လ်ဘမ်ထဲမှ "ဝမ်းနည်းမှတ်တမ်း" သီချင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်ခဲ့သည်။၂၀၀၆ ခုနှစ်တွင် ဖခင် တိမ်းပါးသည်။

စိုင်းစိုင်းခမ်းလှိုင်သည် "သူငယ်ချင်းများစွာ"၊ "အမြဲတမ်းဂေါ်လီ"၊ "Happy Sai Sai Birthday" စသည့် အယ်လ်ဘမ်များဖြင့် ပရိသတ်များအကြား အောင်မြင်မှုများစွာရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် "Sai Sai Live by Sai Sai birthday Show " အမည်ဖြင့် Live Show တစ်ခုကျင်းပခဲ့သည်။ ထိုပွဲမှစ၍ နှစ်စဉ် ဧပြီလ ၁၀ ရက်နေ့၌ "Sai Sai Birthday Show" ကိုကျင်းပခဲ့သည်။ ထို့ပြင် Frenzo music production ကို တည်ထောင်ခဲ့ပြီး တေးသီချင်းများထုတ်လုပ်ခြင်း၊ သီချင်းဗီဒီယိုများရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် "စိုင်းစိုင်းဟုခေါ်သည်" အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် "Happy Sai Sai Birthday"၊ ၂၀၀၉ ခုနှစ်တွင် "Ever Golli"၊ ၂၀၁၂ ခုနှစ်တွင် "ဒိတ်ဒိတ်ကြဲ" စသည့် တေးစီးရီးများစွာ ဖြန့်ချိခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့သည့် "Sai Sai is Sai Sai" အယ်လ်ဘမ်ထဲမှ သီချင်းတစ်ပုဒ်ဖြစ်သည့် "ငါ့ရည်းစားကပိုမိုက်တယ်" သီချင်း၏ Animated Music ဗီဒီယိုကို youtube ပေါ်တွင် လွှင့်တင်ခဲ့ရာ ၂၄ နာရီအတွင်း ကြည့်ရှုသူ ၁ သန်းကျော်နှင့် ၇ ရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော်အထိရရှိခဲ့သည်။

သရုပ်ဆောင်နယ်ပယ်တွင်လည်း ရုပ်ရှင်နှင့် ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။ သရုပ်ဆောင်လောကကို မော်ဒယ်တစ်ယောက်အနေဖြင့် စတင်ခဲ့သည်။ ထို့နောက် တီဗွီကြော်ငြာအချို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သရုပ်ဆောင်တစ်ဦးအဖြစ် စတင်ခဲ့စဉ်အတွင်း ဗီဒီယိုကားပေါင်း ၅၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် "မင်္ဂလာပါ" ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဒုတိယအကြိမ်ဖြစ်သည့် "ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ" ရုပ်ရှင် ဇာတ်ကားကြီးတွင် ရန်အောင်၊ ထွန်းအိန္ဒြာဗို၊ သက်မွန်မြင့်တို့နှင့် တွဲဖက်၍ အဓိက ဇာတ်ဆောင်နေရာမှ သရုပ်ဆောင်ခဲ့သည်။ စိုင်းစိုင်းခမ်းလှိုင်၏ လူကြိုက်အများဆုံးနှင့် အအောင်မြင်ဆုံးဟုဆိုနိုင်သည့် ရုပ်ရှင်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး ပြေတီဦး၊ သက်မွန်မြင့်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားသော "အာဒံရယ် ဧဝရယ် ဒဿရယ်" ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။ ထိုဇာတ်ကားကို မြန်မာနိုင်ငံရုပ်ရှင်ရုံများတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပြသခဲ့ပြီး စင်္ကာပူ၊ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလီတို့တွင် ရုံတင်ပြသခဲ့သည်။ 

ဝတ္ထုရေးသားခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီး သူ၏ ပထမဆုံးစာအုပ် "စက္ကူငှက်"ကို ၂၀၀၆ ခုနှစ်တွင် ကြောင်နှစ်ကောင် စာပေမှ ထုတ်ဝေခဲ့သည်။ ဤဝတ္ထုကို မီးပွားက ရုပ်ရှင်ရိုက်ဖူးသည်။ ၂၀၀၈ ခု၊ စက်တင်ဘာလတွင် ဒုတိယစာအုပ် "ကံကိုဆွဲ၍မှုန်းသီခြယ်မင်ရည်ကျဲ၏မကျဲ၏" ကို ကြောင်နှစ်ကောင် စာပေမှပင် ဖြန့်ချိခဲ့သည်။

ထွက်ရှိထားသော သီချင်းခွေများ

တစ်ကိုယ်တော်ခွေများ

ချောကလက်ရောင် ရေခဲအိပ်မက်     ၂၀၀၀၊ မတ်

သူငယ်ချင်းများစွာ     ၂၀၀၁၊ ဇူလိုင်          

ဖေဖော်ဝါရီ မှတ်တမ်း ၂၀၀၃၊ မတ်             

စိုင်းစိုင်း လိုက်ဖရှိုး     ၂၀၀၄           

စိုင်းစိုင်းဟု ခေါ်သည်  ၂၀၀၅           

Happy Sai Sai Birthday     ၂၀၀၇          

အဲဗားဂေါ်လီ  ၂၀၀၉           

ဒိတ်ဒိတ်ကြဲ    ၂၀၁၂           

Sai Sai Is Sai Sai     ၂၀၁၈           

အတွဲခွေများ

၂၀၀၀ ခုနှစ် - စတင်ခြင်း

၂၀၀၂ ခုနှစ် - ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်

၂၀၀၂ ခုနှစ် - မိန်းမ

၂၀၀၂ ခုနှစ် - အချစ်များစွာအတွက်

၂၀၀၃ ခုနှစ် - ဘဝ ဘဝ

၂၀၀၄ ခုနှစ် - နတ်သမီးပုံပြင်

၂၀၀၆ ခုနှစ် - Rock & Rap Live Show

၂၀၀၆ ခုနှစ် - အလွမ်းရဲ့ ည

၂၀၀၆ ခုနှစ် - အရင်လို စိတ်မချလို့ပါ ရှင်ရယ်

၂၀၀၆ ခုနှစ် - အိမ်ဂျယ်

၂၀၀၇ ခုနှစ် - ၁၀ စက္ကန့်

၂၀၀၉ ခုနှစ် - City FM 6th Anniversary

၂၀၁၀ ခုနှစ် - ပျော်စရာကြီး

၂၀၁၁ ခုနှစ် - City FM 9th Anniversary

၂၀၁၃ ခုနှစ် - City FM 11th Anniversary