မန္တလေးတောင်

Listing Description

မန္တလေးတောင်သည် မန္တလေးမြို့မြောက်ဘက်တွင်တည်ရှိပြီး ပင်လယ်ပြင်မှအထက် ၇၇၆ ပေ မြင့်ပါသည်။ မန္တလေးတောင်တော်တွင် ရှေးဟောင်းစေတီပုထိုး များစွာတည်ရှိသည်။ တောင်ဘက်စောင်းတန်း၌ ခြင်္သေ့ကြီးနှစ်ကောင်၊ စက်တော်ရာ၊ သမ္ဗုဒ္ဓေရပ်တော်မူ နှင့် ပြည်လုံးအေး ပြည်လုံးချမ်းသာရပ်တော်မူ၊ စိုင်းတမော့ နှင့် ရွှေပြည်အေး၊ ဗျာဒိတ်ပေးဘုရား၊ နဂါးရုံဘုရား၊ နိမိတ်လေးပါး မြတ်စောညီနောင် (ပြန့်ကြီး)၊ ၂၈ဆူဘုရား (လိုဏ်ဂူတော်)၊ ဆင်မင်း နှင့် ခြင်္သေ့မင်းစေတီ၊ ဆတ်မင်း နှင့် ကြက်မင်းစေတီ၊ ငုံးမင်း နှင့် ဖွတ်မင်းစေတီ (ရွှေသိမ်တော်စေတီ)၊ ဘီလူးမဘုရား၊ ဆုတောင်းပြည့်စေတီတို့ တည်ရှိပြီး စောင်းတန်းအခန်းရေပေါင်း ၃၅၆ ခန်း ရှိကာ လှေကားထစ်ပေါင်း ၉၀၀ ကျော်ရှိပါသည်။ အနောက်ဘက်စောင်းတန်း၌ ခြင်္သေ့ကြီးနှစ်ကောင်၊ တစ်ဝက်ဘုရားတည်ရှိပြီး စောင်းတန်းအခန်းရေပေါင်း ၃၈၁ ခန်း ရှိပါသည်။ မြောက်ဘက်စောင်းတန်း၌ မြတ်စောညီနောင် နှင့် မြွေကြီးနှစ်ကောင်ရုပ်တု တည်ရှိပြီး စောင်းတန်းအခန်းရေပေါင်း ၉၄၂ ခန်းရှိပါသည်။ အရှေ့ဘက်စောင်းတန်း၌ ဘိုးဘိုးကြီးနတ်နန်း၊ ဘိုးတော်ဂူ နှင့် ကျောက်ဆင်ရုပ်၊ သစ်ကနက်ဘုရား၊ ဓာတ်တော်တိုက်၊ ဆုတောင်းရဘုရား၊ ဗျာဒိတ်ပေးဘုရားတည်ရှိပြီး စောင်းတန်းအခန်းရေပေါင်း ၃၆၀ ခန်း ရှိပါသည်။ တောင်ပေါ်သို့ ကားလမ်းလည်း ဖောက်လုပ်ထားပြီး ကားရပ်ထားသောနေရာမှ ဘုရားပေါ်သို့ တက်ရောက်ရန် ဓာတ်လှေကား၊ စက်လှေကား များတပ်ဆင်ထားပါသည်။ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တကွ မန္တလေးမြို့၏ ရှုခင်းကို ကောင်းမွန်စွာမြင်တွေ့ရပါသည်။