မင်းအိုချမ်းသာဘုရား

Listing Description

မင်းအိုချမ်းသာဘုရားသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အာနန္ဒာဘုရားမြောက်ဘက် ညောင်ဦးသွားကားလမ်းတောင်ဘက် ကုန်းမြင့်ပေါ်ရှိ စေတီလေးဆူအနက် တန်ဆောင်း စောင်းတန်းဖြင့် အလယ်ဆူဖြစ်ပါသည်။ မင်းအိုချမ်းသာဘုရားမှာ ကျန်စစ်သားမင်းကောင်းမှုဖြစ်သည်။ ကျန်စစ်သားမင်း နန်းစံသက် ၂၈၊ သက်တော် ၇၂ တွင် သီရိလင်္ကာ (သီဟိုဠ်မင်း)ဆက်သပေးပို့သော သရီရဓာတ်တော်ကိုးဆူအား ထည့်သွင်းဌာပနာ၍ နာမကျန်းရှိခိုက် သက်ရှည်ကျန်းမာစေရန် အဓိဌာန်ပြုကာ တည်ထားခဲ့သဖြင့် သက်တော် ၈၂ နှစ်ထိနေရသောကြောင့် မင်းအိုချမ်းသာဘုရားဘွဲ့မည် သမုတ်ခဲ့သည်ဟု ဆိုပါသည်။ "ငါလည်း အိုမင်းမစွမ်းရှိချေပြီ။ ရောဂါဥပါဒ်ကင်း၍ အသက်ရှည်ပြီးလျှင် ဘုရားနှင့် သာသနာတော်လည်းစည်ပင်ပြန့်ပွားပါစေသတည်း" ဟု ကျန်စစ်သားမင်းအိုကြီးက အဓိဋ္ဌာန်ပြုဆုတောင်း တည်ထားကိုးကွယ်ခဲ့ပါသည်။ မင်းအိုချမ်းသာဘုရားရင်ပြင်တော်ပေါ်မှ အာနန္ဒာဘုရားကို ကောင်းစွာဖူးမြှော်မြင်တွေ့နိုင်ပါသည်။