မိချောင်းတံတား

Listing Description

မိချောင်း တံတားဟူသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိသည့် အိမ်တော်ရာဘုရား အနောက်ဘက်မှာ ရှိပါသည်။ ပုဂံမင်းသားခေတ္တစိုးစံရာ  အိမ်တော်နေရာကို ''မဟာလောကရံသီ'' ဘွဲ့ အမည်ခံပြီး စေတီ ကြီးတစ်ဆူတည်ထားကိုးကွယ်ခဲ့၏။  မန္တလေးသား တွေက ''အိမ်တော်ရာဘုရား''ဟုပဲ သိနေကြပါသည်။

ထိုဘုရားသို့ အမရပူရမြို့မှ ပုဂံမင်းက ဘုရားဖူး ကြွတော်မူလာလျှင် မြေနိမ့်အရပ်များဖြစ်သော ဥယျာဉ် တန်း၊ လှေတန်းတို့မှ ရွှံ့တော၊ ဗွက်တောများကို ဖြတ် ကူးနိုင်ရန် အုတ်တံတားကြီး တည်ခင်းပေးခဲ့သည်။

တံတားကြီးကို ''မဟာသုဒဿန မိချောင်းတံတား'' ဟုခေါ်ဆိုကာ မင်းသားကြီး ဦးကျောက်လုံးက ၁၂၁၁ ခု ပြာသိုလတွင် ကုသိုလ်ပြုလှူဒါန်းခဲ့သည်။ တံတား ကြီးမှာ ၃၅ လမ်းမှ အိမ်တော်ရာဘုရားအနောက်ထိပ် ထိရှည်သည်။ ခုနစ်ပြနီးပါးရှိပါသည်။ မြောက်ဘက် ထိပ်တွင် မိချောင်းနှစ်ကောင်ရှိသည်။ တောင်ဘက် ထိပ်တွင် ခြသေ့ၤကြီးနှစ်ကောင်ရှိပါသည်။ ကျွန်တော် တို့ငယ်စဉ်ကတော့ အုတ်တံတားကြီး၏ အပိုင်းအစ များကို ထီးလင်းတိုက်ရှေ့နှင့် ပုဏ္ဏားစုဘက်များတွင် တွေ့ရှိခဲ့ရဖူးပါ၏။

၂၉ လမ်းသည် မိချောင်းတံတားမြောက်ဘက် ထိပ်မှစသော် တောင်ဘက်တစ်ပြတွင် စတင်ပါတော့ သည်။ ထိုနေရာသည် လူနေထူထပ်သောရပ်ကွက် ဖြစ်ကာ ၂၉ လမ်း၏မြောက်ဘက်က သီရိဟေမာ အရှေ့ရပ်ကွက်ဖြစ်ပြီး  တောင်ဘက်က   ပြည်ကြီး ပျော်ဘွယ် အရှေ့ရပ်ကွက်ဖြစ်ပါသည်။

၂၉ လမ်းအနောက်ထိပ်  ပြည်ကြီးပျော်ဘွယ် အရပ်သည် မြန်မာမင်းများလက်ထက်ကတည်းက ပုဏ္ဏားပေါက်ပေါက်ဆုပ်၊ ပုဏ္ဏားကုလားပဲသုတ်၊ ရာမ ဇာတ်တော်၊ မဟာပိန္နဲလှည်းဆွဲပွဲ၊ စန္ဒီနတ်သမီးရေချ တို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါသည်။

မြောက်ဘက်ခြမ်း သီရိဟေမာအရှေ့ရပ်ကွက် ကတော့ မြန်မာရပ်ကွက်စစ်စစ်ဖြစ်၏။ ဘုတလင်နယ်၊ ဆားလင်းကြီးနယ်ဘက်က  မန္တလေးမှာလာရောက် အခြေချသူများ၏ ရပ်ကွက်လည်းဖြစ်ပါသည်။ နှစ်ခန်း တစ်ခန်း၊ နှစ်အိမ့်တစ်အိမ်၊ တံခါးမရှိ၊ ဝင်းထရံမရှိ၊ ခြံစည်းရိုးမရှိ၊ ပူးပူးကပ်ကပ်နေကြသည်။  တချို့က တော့  သည်ရပ်ကွက်ကို ဆီသည်ချောင်ဟုခေါ်၏။ သို့သော်ဆီဝင်းဟုပဲ လူသိများပါသည်။   အဘယ် ကြောင့်ဆိုသော် ထိုအရပ်၏အရှေ့ဘက်ကပ်လျက်က ဝင်းကျယ်ကြီးမှာ ဆီစက်ကြီးရှိနေပြီး  ထိုဆီစက် ကိုမှီခိုကာ   ဆီရောင်းချခဲ့ကြသည့်  ခေါင်းရွက်ဗျပ်ထိုး ဆီသည်များရှိသောကြောင့် ဖြစ်ပါသည်။ ထိုဆီသည်များ ကား ကျွန်တော့်မိသားစု၊ ကျွန်တော့်ဆွေမျိုးများဖြစ်၏။ ယခုတော့ ဈေးချိုကိုင်းတန်းဈေး၊  ထီးထိုင်ဈေးတို့နှင့် နီးကပ်ကာ အရောင်းအဝယ် ဈေးရည်လည်ကြသော ကြောင့် ထိုရပ်ကွက်လေးမှာ ဇာတ်အဖွဲ့တစ်ဖွဲ့၏ ပြဇာတ် တစ်ပုဒ်မှ တောကားမပြီး မြို့ကား ချလိုက်သလို ရုတ်ခြည်း ပြောင်းလဲကုန်ပါပြီ။ အခုတော့ နံကပ်တိုက်များ၊  ပွဲရုံ များ၊ အိမ်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင် များနှင့် ရွှန်းရွှန်းဝေလို့။ 

ထိုရပ်ကွက်လေးအရှေ့ဘက်က ဆီစက်ကြီးကတော့ လည်ပတ်နေဆဲ ဖြစ်ပါ၏။ ဆီစက်တည်ရာဝင်းကြီးကို စိုင်ပြွန်ရိပ်သာဟု ကမ္ပည်းထိုးထားပါသည်။   ပြပေါက် နီးပါး ကျယ်ဝန်းသော ဝင်းကြီးဖြစ်သည်။  မြန်မာမင်း များလက်ထက်  စိုင်ပြွန်မင်းသားကြီး၏   ဆွေတော် မျိုးတော်များ အစဉ်အဆက်နေထိုင်ခဲ့ကြသည်။ လက်ရှိ လူနေအဆောက်အအုံကြီးကလည်း နာမည်ကျော်ဗိသုကာ ဆရာကြီး ဆရာဆိုင်၏သား  ဗိသုကာ  ဦးငွေလှိုင်၏ ကနဦးလက်ရာလည်းဖြစ်သည်။

၂၉ လမ်း၏ ထိုအနောက်ပိုင်းကို ဒေါင်းရိုးသင်္ဘော တန်းဟုလည်း ခေါ်ဆိုကြ၏။ ''ရှေးတုန်းက မြစ်ဆိပ်ဆို တာ ဒီနားပေါ့။ သင်္ဘောတွေ ဆိုက်တဲ့နေရာတွေ'' ဟု လူကြီးသူမများ ပြောစကားကို တအံ့တသြနားထောင်ခဲ့ ရဖူးလေသည်။ ဟုတ်သည်  မဟုတ်သည်  အပထား မြစ်ဆိပ်နှင့်ဈေးချိုကို ဟင်းသီးဟင်းရွက်ကုန်၊ ကောက်ပဲ သီးနှံကုန်တွေကိုတော့ ဒီလမ်းကပဲ  သယ်ပို့ကြရသည်။ အနောက်ကျွန်းထဲဆီမှ  ပဲစိမ်းစား ဥလှည်းတန်းကြီးလာလျှင် ကျွန်တော်တို့သည် လှည်းမြီးခိုကာ  ရိုင်ပတ်ကြားမှ ပဲစိမ်းစားဥများ ဆွဲဖြုတ်ပြေးကြရသည်။ သဘောကောင်းသော လှည်းသမားတစ်ယောက် တလေကမူ ကျွန်တော် တို့မြင်သည်နှင့် ပဲစိမ်းစားဥတစ်တွဲဖြုတ်ယူပြီး  လှမ်းပစ် ပေးတတ်သည်။ ထို့ကြောင့် ၂၉ လမ်းပေါ်တွင်  လှည်းတွေတအီအီလည်းဖြတ်နေကြ၏။ ဈေးသွားဈေးပြန် မြင်းလှည်းများလည်း မနက်သုံးနာရီလောက်ကတည်းကခွာသံတခွပ်ခွပ်နှင့် ဥဒဟိုသွားလာနေကြပါသည်။ ၂၉ လမ်းအနောက်ပိုင်းက မြန်မာရပ်ကွက်မို့ မြန်မာမုန့်ပဲ သရေစာတွေလည်းရနိုင်၏။ မနက်လင်းလျှင် အနောက်ထိပ်မှာ ဒေါ်လှရီအကြော်ဖိုက ကောက်ညှင်းပေါင်း အကြော်ရှိသည်။ ထို့နောက် အနားပတ်ဝန်းကျင်မှာ မုန့်ကြက်အူ၊  မုန့်လုပ်ဆောင်း၊ အုန်းပေါင်းငှက်ပျောသီး ကြော်၊ ပဲမြစ်၊ ကုလားစပါးယိုစသည့် ဈေးသည်များကား နေဝင်သည်ထိ မပြတ်တော့။

မနက်စောစောတွင်မူ  ဆီစက်ဝင်းအနောက်ဘက် လမ်းကြားမှ  အငွေ့တထောင်းထောင်းနှင့်လက်တွန်း လှည်းကြီး တအိအိထွက်လာတတ်ပါသည်။ ဓားပြား ရိုက်ကြက်သွန်ဖြူနှင့်  ဂျုံနုနုလေးကို ပြုလုပ်ထားသော ခေါက်ဆွဲ၊ ကြက်သားနိုင်းချင်း၊  အဆာပလာနိုင်းချင်း နှင့်ဦးမှန်ခေါက်ဆွဲလည်း စားနိုင်ပါသေးသည်။ ထို့နောက် ဒေါ်မြကျင်မုန့်တီမုန့်ဟင်းခါး။

ဒေါင်းရိုးဆီစက်ဝင်း  အရှေ့ဘက်ရောက်တော့ အိမ်ကြီးအိမ်ကောင်းတွေများလာ၏။  မြောက်ဘက် ငန်ပြာရည်ဝင်းပေါက်မှာ   မြူနီစီပယ်မြို့တော်ဝန် ဟောင်း ဦးစံရွှေတိုက်ရှိသည်။   မျက်စောင်းထိုးမှာ ဦးတုတ်-ဒေါ်ရင်ငွေပန်းထိမ်ရှိသည်။ ထိုစဉ်အခါက မန္တလေးတိုင်းဘောလုံးအသင်းသည် နှစ်နှစ်ဆက်တိုက် မကြာခဏဗိုလ်စွဲ၏။ ပြည်ထောင်စုဒိုင်းကြီး မန်းတောင် ရိပ်ခိုပြီးနောက်  တစ်ကြိမ်ပြိုင်ပွဲ    ပြန်လည်စနိုင်ရန် ဒိုင်းကြီးကို ပြန်လည်မအပ်နှံမီ  ဦးတုတ်-ဒေါ်ရင်ငွေ ပန်းထိမ်ဖိုမှာ အမြဲတမ်းလာရောက်ကာ  ငွေရည်စိမ် အရောင်တင်လေသည်။ ထိုရက်များဆိုလျှင်ပန်းထိမ်ဖိုအိမ်ရှေ့က ချောင်းမြောင်း၍ ဒိုင်းကြီးအား ကြည့်မဝ နိုင်တော့။ ငွေပန်းထိမ်ဖို၏ အရှေ့နားမှာဒေါ်ချစ်စု လက်ဖက်တိုက်ရှိသည်။   ဝါတွင်းဆွမ်းကြီးခံထွက်ပြီ ဆိုလျှင် ဆွမ်းကြီးခံအဖွဲ့သားများအား အကြော်စုံနှင့် လက်ဖက်သားများရောနယ်သုတ်ထားသော လက်ဖက် သုတ်တွေတဝကြီးကျွေးတတ်ပါသည်။

မြောက်ဘက်မျက်စောင်းထိုးမှာ စိန်ဘကျွဲ၏အိမ်ရှိ သည်။ နံကပ်နှစ်ထပ်တိုက်ဖြစ်၏။  စိန်ဘကျွဲသည် ရုပ်သေးရွှေဘိုတင်မောင်၏  ရုပ်သေးဆိုင်းဆရာကြီး ဖြစ်ပါသည်။

 မန္တလေးအကြောင်းပြောကြပြီဆိုလျှင် စာရေးဆရာ ဆူးငှက်၏ ''မန္တလေးမျဉ်းဖြောင့်များ''အကြောင်းက အခြားသော မန္တလေးသား စာရေးဆရာ၊ စာရေးဆရာမကြီးများ၏ စာအုပ်များနည်းတူ မပါမဖြစ်ပြောဆိုခဲ့ကြရသည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းအစဉ်အလာကြီးမားသော မန္တလေးမြို့၏ပုံရိပ်များကို  အပြောင်းအလဲမြန်သည့်  နှစ်ကာလများတွင်  မျက်ခြည်မပြတ် ရသဟန်ဖြင့်  မှတ်တမ်းတင်ခဲ့ သောကြောင့်ဖြစ်သည်။ အတိတ်နှင့်ပစ္စုပ္ပန်ကို ဆက်စပ်သုံးသပ်ပြသည့် ရေးဟန်ဖြစ်သည်။ ''မန္တလေးမျဉ်းဖြောင့်များ''ကို မြန်မာ့ဓနစီးပွားရေးမဂ္ဂဇင်းတွင် ၁၉၉၆ ခုနှစ် မေလ ထုတ်မှစတင်၍ လစဉ်မပြတ်ရေးသား ခဲ့သည်ဟုမှတ်မိနေသည်။ ၂ဝ၁၁ ခုနှစ်ဝန်းကျင် မြန်မာ့ဓနမဂ္ဂဇင်း မရပ်နားမီအထိ ရေးသားခဲ့ပုံရသည်။ အပြောင်းအလဲမြန်လွန်းသည့် ၁၉၉ဝ ပြည့်လွန်ကာလများ(ဝါ) ၂၁ ရာစု ကြိုကာလများက မန္တလေးပုံရိပ်များသည်ပင် အခုတော့  သမိုင်းဖြစ်သွားပြန်ပါပြီ။  အဆိုပါ ကဏ္ဍမှ ကနဦးဆောင်းပါးများကို ၂ဝဝဝ ပြည့်နှစ်က မန္တလေး စာအုပ်တိုက်အစီအစဉ်ဖြင့် ဆောင်းပါး ၁၄ ပုဒ်ကိုစုစည်းကာ 'မန္တလေးမျဉ်းဖြောင့်များ' အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ဖူးသည်။ အဆိုပါ စာအုပ်ကိုပင် ၂ဝဝ၃ ခုနှစ်တွင် ' The Straight Lines of Mandalay ' အမည်ဖြင့် ဆရာ ရေချမ်း(မန္တလေး)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ဥတ္တရလွင်ပြင် စာအုပ်တိုက်က ထုတ်ဝေဖူးသည်။ ယခုတစ်ဖန် သမိုင်းဖြစ်သွားပြန်လေသော 'မန္တလေးမျဉ်းဖြောင့်များ'ကို မြန်မာ့အလင်းက ပြန်လည်ဖော်ပြအပ်ပါသည်။ လတ်တလောနှစ် ၂ဝ အတွင်း မန္တလေးသည် ဘာတွေအမြတ်ရ၍ ဘာတွေဆုံးရှုံးသွားလေပြီနည်း၊ ဘာတွေသင်ခန်းစာယူ၍ ဘာတွေဆင်ခြင်ရမည်နည်း၊ သင်္ခါရဟုဖြစ်စေ၊ ပြောင်းလဲခြင်းတရားဟုဖြစ်စေ၊ သုံးသပ်ရုံဖြင့် လုံလောက်မှုမရှိတော့တာက သေချာပါပြီ။  ထို့ကြောင့် ရှားပါးစာအုပ်ဖြစ်နေသော မူလ'မန္တလေး မျဉ်းဖြောင့်များ'ကို သမိုင်းအဖြစ် ပြန်လည်ဆင်ခြင်နိုင်ရန် မပြုမပြင် မတည်းမဖြတ် ပြန်လည်ဖော်ပြအပ်ပါကြောင်း။

ဆူးငှက်