မဟာဒီပဲရင်းကျောင်းတိုက်

Listing Description

မဟာဒီပဲရင်းကျောင်းတိုက်သည် မန္တလေးမြို့၊ အနောက်ပြင်ရပ်၊ အောင်မြေသာစံမြို့နယ် အောင်မြေသာစံရပ်ကွက်၊ ၁၈ လမ်း နှင့် ၁၉ လမ်း ကြား၊ ၈၆ လမ်းတွင် တည်ရှိပါသည်။ သီပေါမင်းလက်ထက် အက္ကပတ်မြင်းဝန် မြို့စားတော်ဝန် ပင်လယ်မြို့စား မင်းကြီးမဟာမင်းထင်ရာဇာဘွဲ့ခံ ဦးချုံက ၁၈၈၃ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ အလှူရှင် အမည်ကို အစွဲပြု၍ "အက္ကပတ်မြင်းဝန်အုတ်ကျောင်း" ဟု ထင်ရှားပါသည်။ ကျောင်းတိုက်မှာ ဘုရားခန်းဆောင် တစ်ခု၊ နှစ်ထပ်အုတ်တိုက် သုံးခုတို့ဖြင့် ဥရောပပုံစံအတိုင်း ဆောက်လုပ်ထားသော အုတ်ကျောင်းတိုက်ကြီးဖြစ်ပြီး မီးလောင်ခံခဲ့ရခြင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ထိခံခဲ့ရခြင်းတို့ကြောင့် အပျက်အစီးထုထည်များကို မြင်တွေ့နိုင်သည်။ အုတ်ကျောင်းကြီး၏ အရှေ့မျက်နှာစာတွင် ကမ္ဘာ့မဏ္ဍိုင်ဆုတောင်းပြည့်စေတီတော်ကို ဖူးမြော်နိုင်ပါသည်။ ထိုစေတီတော်၏ အတွင်းပိုင်းတွင် အဆင့်ပေါင်း ၁၀ ဆင့်ဖြင့် တည်ထားသော မဏ္ဍိုင်ဆောက်လုပ်ထားပြီး ထိုမဏ္ဍိုင်၏ အဆင့်တိုင်းတွင် ဗုဒ္ဓဆင်းတုတော်များ ပူဇော်ခံထားရှိကာ စေတီတော်အတွင်းပိုင်း အလင်းရောင်ရရှိရန် စေတီတော်အလယ်တွင် အပေါက်ကြီးဖောက်ထားသည်ကို အခြားစေတီများနှင့်မတူ ထူးခြားစွာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။