ကျော်စိုး (ကော့သောင်း)
မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝပတ်ဝန်းကျင်လှပသာယာ၍ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ပေါကြွယ်၀သော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်မှာ အထူးပြောစရာ လိုမည်မထင်ပါ။ ထိုတနင်္သာရီတိုင်းဒေသကြီး၏ အစွန်ဆုံး မြို့တစ်မြို့ ဖြစ်သည့် ကော့သောင်းမြို့အနီးတစ်ဝိုက် ကျွန်းများတွင် ရှားပါးလူနည်းစု ဆလုံ(ခေါ်) မော်ကင်း “ Mawken” (သို့) Sea Gypsies ခေါ် ပင်လယ်ပျော်လူသားမျိုးနွယ်စုတစ်စု နေထိုင်ကြသည်ဆိုသည်ကို သိသူနည်းမည် ထင်ပါသည်။
ပင်လယ်ပျော်တို့ရိုးရာဓလေ့
၎င်းတို့သည် ရှေးနှစ်ပေါင်းများစွာက မလေးကျွန်းများ တွင် နေထိုင်ခဲ့ကြပြီး ယခုအခါ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း မြို့နယ် ပင်လယ်အတွင်းရှိ ကျွန်းများတွင် နေထိုင်လျက် ရှိကြသည်။ အဆိုပါ ဆလုံလူမျိုးများကို မလေးလူမျိုးများက “သြရန်ဘေဆင်း” ဟု ခေါ်ကြသည်။ ထိုင်းနိုင်ငံဖွား ဆလုံ များကို ထိုင်းဘာသာစကားဖြင့် ချောင်နမ်(CHAUNAN) (ရေတွင်ကျက်စားသူများ)ဟု ခေါ်ဝေါ်ကြသည်။ ဆလုံ လူမျိုးများကမူ သူတို့ကိုယ်သူတို့ “မော်ကင်း” Mawken လူမျိုးဟု ခေါ်ဝေါ်ကြသည်။
ဆလုံလူမျိုးများသည် ယခင်က တစ်နေရာတည်းတွင် အတည်တကျနေထိုင်လေ့မရှိဘဲ ပင်လယ်အတွင်း “ကဗန်း” ခေါ် လှေဖြင့် ပင်လယ်ရေထွက်ပစ္စည်းများကို ရှာဖွေ စုဆောင်းရင်း လှည့်လည်ကျက်စား နေထိုင်ကြကာ လှိုင်းလေ ပြင်းထန်သည့် မိုးရာသီအခိုက်အတန့်တွင်သာ ရေချိုရရှိနိုင်သည့် ကျွန်းများတွင် ယာယီတဲသာသာ အိမ်များဆောက်လုပ်၍ ခေတ္တနေထိုင်ကြသည်။ ယခုအခါ တွင်ကား ကျေးရွာအတည်တကျဖြင့် တစုတဝေးတည်း နေထိုင်နေကြပြီဖြစ်သည်။
ဆလုံလူမျိုးများသည် ရေကူး၊ ရေငုပ်ခြင်း အတတ် ကို မွေးရာပါကျွမ်းကျင်လှပေရာ ရေငုပ်ကိရိယာ အကူ အညီမပါဘဲ ရေအနက်ပေ ၈၀ အထိ ပျမ်းမျှအချိန် ၁၅ မိနစ်ကြာမြင့်အောင် ငုပ်လျှိုး နေထိုင်နိုင်သည့် ထူးဆန်း အံ့ဖွယ်လူမျိုးနွယ်စုတစ်ခုဖြစ်သည်။ လောဘ၊ ဒေါသ မရှိသလောက်နည်းပါးပြီး ဘာသာအယူဝါဒအရ ရိုးရာ နတ် “တူဒါး” ခေါ် ကောင်းကျိုးပေးသော နတ်နှင့် “ကတွိုင်း” ခေါ် ဆိုးကျိုးပေးသောနတ်တို့ ရှိသည်ဟု ယုံကြည်ကြရာ အထူးသဖြင့် ဆိုးကျိုးပေးသော ကတွိုင်း နတ်ကို ကောင်းကျိုးအလို့ငှာ နှစ်စဉ်မြန်မာသင်္ကြန်ပွဲတော် အပြီး ဧပြီလနှောင်းပိုင်းတွင် နတ်ပူဇော်ပွဲကို ပြုလုပ်ကြ လေ့ရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာ ဖြစ်သည်။ ပျော်ပွဲ ရွှင်ပွဲများကိုသာမက ဖျားနာသည့်အခါ၊ တစ်ဦး တစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆို မှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေး စိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ ရှိသည်။
အရည်အသွေးအကဲဖြတ်မှု
ဆလုံအမျိုးသားတစ်ဦး၏ အရည်အသွေးကို ကဗန်း လှေတည်ဆောက်ရာတွင် ကျွမ်းကျင်မှု၊ ရေအောက် သယံဇာတများ ရှာဖွေနိုင်မှု၊ ပင်လယ်ရေစီးကြောင်းနှင့်အဏ္ဏဝါဗေဒ အတတ်ပညာအပေါ်မူတည် အကဲဖြတ်ကြ လေ့ရှိပြီး ဆလုံအမျိုးသမီးတို့၏ အရည်အသွေးကိုမူ ခရင်း ရှာခြင်း၊ ရိုးရာဖျာရက်လုပ်ခြင်း၊ အိမ်ထောင်မှု ထိန်းသိမ်း နိုင်မှုအပေါ် အကဲဖြတ်ရွေးချယ်လေ့ရှိသည်။
ဆလုံလူမျိုးများသည် ဝတ်စားဆင်ယင်မှုအနေဖြင့် အင်္ကျီဟူ၍ သတ်သတ်မှတ်မှတ် ဝတ်ဆင်လေ့မရှိ။ လုံချည်၊ ထဘီတို့ကို ခါးတွင် စည်းနှောင်ဝတ်ဆင်လေ့ရှိပြီး ချမ်းအေးသောရာသီတွင် လုံချည်၊ ထဘီ အပိုတစ်ထည် ဖြင့်ခြုံကာ နေထိုင်ဝတ်ဆင်လေ့ရှိကြသည်။ ရှေးယခင် ဆလုံအမျိုးသမီးများအနေဖြင့် ရင်သားဗလာဖြင့် သွားလာ နေထိုင်ခြင်းကို ရှက်စရာတစ်ခုအဖြစ် မယူဆကြပါ။ ယခု အချိန်တွင် ဤသို့နေထိုင်မှုဓလေ့မှာ မရှိတော့ဘဲ ခေတ် ကာလအလိုက် ယဉ်ကျေးစွာ၊ လုံခြုံစွာ ဝတ်စား ဆင်ယင်နေထိုင်ကြပြီ ဖြစ်သည်။ ကလေးငယ်များကို လုံချည်(သို့) ထဘီတစ်ထည်ဖြင့် စည်းနှောင်ချီပိုးထားပြီးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လေ့ရှိသည်။ ခရုခေါင်း ပိတ်များကို အလှဆင်ပစ္စည်းသဖွယ် သဘောထား သီကုံး ဝတ်ဆင်လေ့ရှိပြီး ရွှေထည်ဝတ်ဆင်ကြခြင်းကို ကြိုက်နှစ် သက်ကြသည်။
ဆလုံလူမျိုးများသည် ဆောင်းရာသီလှိုင်းလေ ငြိမ်သက်သည့် ရာသီတွင် ပင်လယ်ရေထွက် သယံဇာတ များဖြစ်သည့် ငါး၊ ကင်းမွန်(ပြည်ကြီးငါး)၊ ခရု၊ ကမာ၊ သဘာဝပုလဲ၊ ပင်လယ်မျှော့၊ ကျောက်ခက်ကျောက်ပန်း၊ ငါးကြီးအန်ဖတ်၊ လိပ်ဥ၊ ငှက်သိုက်၊ ပျားရည်ကို ရှာဖွေ ကာ တာရှည်ခံစေရန် အခြောက်လှန်း ပြုပြင်၊ စုဆောင်း ပြီး ရောင်းချစားသောက်နေထိုင်ကြသည်။
ဆလုံလူမျိုးများ၏ မင်္ဂလာကိစ္စ
ဆလုံလူမျိုးတို့သည် လက်မထပ်ဘဲ လိင်မှုကိစ္စ ကျူးလွန်ခြင်းကို စက်ဆုပ်ရွံရှာစရာကောင်းသောအမှု ကိစ္စအဖြစ် သတ်မှတ်ကြလေ့ရှိရာ အချိန်တန် အရွယ် ရောက်လာကြသောအခါ စေ့စပ်တောင်းရမ်းကာ လက်ထပ် နေထိုင်လေ့ရှိကြသည်။ စေ့စပ်ပွဲကို “ မိုင်းပြီးနိန်း” ဟု ဆလုံဘာသာစကားဖြင့် ခေါ်ဝေါ် ပြီး အောင်သွယ်တော်ဖြင့် နားဖောက်ကမ်းလှမ်း၍ လက်ဆောင်ပစ္စည်း အဝတ်အထည်များဖြင့် သတို့သမီးအိမ်သို့ လာရောက်တောင်းရမ်း စေ့စပ်ကြကာ သင့်တော်သောအချိန် ကာလတစ်နေ့တွင် လက်ထပ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြလေ့ ရှိသည်။
ထို့အပြင် နှစ်ဖက်မိဘများ သဘောတူညီမှု မရရှိသော စုံတွဲများအနေဖြင့် ခိုးယူပေါင်းသင်းကြသည့် အလေ့အထ လည်း ရှိပေသည်။ ခိုးယူပေါင်းသင်းမှုဓလေ့မှာ ထူးကဲပေ သည်။ ခိုးယူပေါင်းသင်းပုံမှာ သောင်ပြင်တွင် တန်းစီ ဆိုက်ကပ်ထားကြသည့် အပျိုကညာရှိရာ လှေအတွင်းမှ လူပျိုဖြစ်သူက လူပျိုပိုင်လှေသို့ အရောက်ခေါ်ငင်သွားလျှင် သော်လည်းကောင်း၊ အပျိုလှေ၏ပဲ့ပိုင်းမှ ဦးပိုင်းအထိ ကျော်လွန်အောင် ပြေးလွတ်သွားလျှင်သော်လည်းကောင်း ခိုးယူပေါင်းသင်းမှု ပြီးမြောက်သည်ဟု လက်ခံကာ နှစ်ဖက်မိဘများမှ လိုက်လံ၍ခွဲခြင်း၊ အဆက်ဖြတ်ခြင်း မပြုကြတော့ကြောင်း လေ့လာသိရှိရပေရာ ထိုဓလေ့သည် တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများတွင် မကြုံစဖူး ထူးကဲသောဓလေ့ ဖြစ်ပေသည်။
ဆလုံလူမျိုးတို့၏ သေဆုံးခြင်း ဓလေ့သည်လည်း ထူးဆန်းပေသည်။ မိသားစုဝင်တစ်ဦးဦး ကွယ်လွန်သော် ကျန်ရစ်သည့်မိသားစုများမှာ ခေတ္တခဏမျှသာ ငိုကြွေးကြ ပြီး နာရီပိုင်းအတွင်း အရက်သေစာများ သောက်စားကာ သီဆို ကခုန်ကြလေတော့သည်။ သေဆုံးသူ နောက်ဆံ မတင်းစေရန် ပြုမူသည်ဟု လက်ခံယုံကြည်ကြသည်။ သေဆုံးသူအမျိုးသား ဖြစ်ပါက ပင်လယ်ဒီရေတက်ချိန်တွင် သင်္ဂြိုဟ်ကြပြီး အမျိုးသမီးဖြစ်ပါက ပင်လယ်ဒီရေ ကျချိန် တွင် သင်္ဂြိုဟ်လေ့ရှိသည်။ ရှေးယခင်ကာလများက သင်္ဂြိုဟ်မှုပုံစံမှာ သေဆုံးသူအား မြေမြုပ်သင်္ဂြိုဟ်လေ့မရှိ သောင်ပြင်ရေစပ်တွင် ကျပ်စင်ထိုး၍တင်ကာ သေဆုံးသူ ပိုင်ဆိုင်သောပစ္စည်းများကို အလောင်းနှင့်အတူ စွန့်ပစ် ထားခဲ့ကြလေ့ရှိသည်။ ရှေးယခင် ဆလုံလူမျိုးများ အယူအဆတစ်ခုမှာ တစ်ဦးတစ်ယောက် သေဆုံးပါက သေဆုံးသည့် ကျွန်းသည် နိမိတ်မကောင်းဟု ယူဆပြီး အသုဘအခမ်းအနားပြီးသည့်နေ့တွင် ထိုကျွန်းကို တစ်ရွာ လုံးစွန့်ခွာသွားကြလေ့ရှိကြောင်း လေ့လာသိရှိရပါသည်။
သဟဇာတကျကျ နေထိုင်လာကြခြင်း
ဆလုံလူမျိုးတို့တွင် တိကျခိုင်မာသော ကိုယ်ပိုင်စာပေ ဟူ၍ မရှိ၊ ရိုးရာသီချင်းဟူ၍သီးခြားမရှိ၊ ရိုးရာတူရိယာ ပစ္စည်းဟူ၍ ရှေးယခင်ကာလက သစ်သားပင်စည်ကို ထွင်း၍ ဖွတ်သားရေကျပ်ကာ ရိုးရာဗုံအဖြစ် အသုံးပြု တီးခတ်ကြလေ့ရှိ ပြီး ယခုအချိန်တွင် ရိုးရာဗုံပြုလုပ်ရန် သားရေ ရရှိနိုင်မှုအခက်အခဲကြောင့် အိမ်အသုံးအဆောင် ရေစည်၊ ဒန်အိုးကြီးများကိုမှောက်၍ ဗုံအဖြစ် အသုံးပြု တီးခတ်ကြသည်။ သီဆိုတီးမှုတ် ကခုန်ခြင်းကိုမူ နှစ်သက် ခုံမင်ကြသည်။ ၎င်းတို့ သီဆိုသည့် သီချင်းသံမှာ မလေး လူမျိုးတို့ သီဆိုသည့်သံစဉ်နှင့် ခပ်ဆင်ဆင်တူပါသည်။ ရိုးရာအကဟူ၍ သတ်သတ်မှတ်မှတ်မရှိ ၊ ကခုန်ကြသည့်အခါ လက်ကိုအပေါ်မြှောက်ကာ စည်းဝါးညီညီ ကခုန်လေ့ ရှိကြသည်။
ဆလုံလူမျိုးများသည် အမိန့်ပေးခိုင်းစေခြင်း၊ တင်းကျပ်သော စည်းကမ်းချမှတ်ခြင်းများကို မနှစ်သက်ကြပေ။ အတင်းအကျပ်စေခိုင်း ဆောင်ရွက်စေလျှင် ထိုအရပ်မှ အလျင်အမြန်ထွက်ခွာ ပြောင်းရွှေ့သွားတတ်ကြပါသည်။ ယခုအခါ ဆလုံလူမျိုးများမှာ ယခင်တစ်ချိန်ကကဲ့သို့ မဟုတ်ကြတော့၊ လူနှင့် ပတ်ဝန်းကျင်အကြား သဟဇာတ ကျကျ နေထိုင်တတ်လာကြပြီဖြစ်သည်။
ဆလုံလူမျိုးများအား မြိတ်ကျွန်းစုများဖြစ်သည့် ကော့သောင်းခရိုင်အတွင်းရှိ ဇာဒက်ကြီးကျွန်း၊ လမ်းပိ ကျွန်း၊ ညောင်ဝိကျွန်း၊ ဂျလန်းကျွန်း၊ ဗိုလ်ချိုကျွန်း၊ မကြုံဂလက်ကျေးရွာနှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ဒုန်းကျွန်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ လငန်းကျွန်းများ တွင်သာ တွေ့ရှိနိုင်မည်ဖြစ်သည်။
လာလည်ဖို့ ဖိတ်ခေါ်ပါသည်
ယခုအခါ ဆလုံလူမျိုးများ နေထိုင်ကျက်စားရာ ကျွန်းရွာများတွင် စီးပွားရှာမည့် အခြားသော ဒေသခံများ လာရောက်အခြေချနေထိုင်မှုများကြောင့် ဆလုံလူမျိုးများ လူနေမှုအဆင့်အတန်း မြင့်မားကာ ခေတ်နှင့်အညီ လူ့ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ နေထိုင်တတ်လာ ကြသည့် ကောင်းကျိုးများ ရှိသကဲ့သို့ တချို့သော ဝိသမ စီးပွားရေးသမားများက ဆလုံများ ခက်ခဲပင်ပန်းကြီးစွာရှာဖွေထားသည့် ပင်လယ်ထွက်ပစ္စည်းများ ဈေးပေါစွာ ရရှိနိုင်ရေး ဆလုံများအား အရက်နှင့် မူးယစ်ဆေးဝါးများ သုံးစွဲတတ်လာစေရန် ဆွဲဆောင်စည်းရုံးမှုများကြောင့် ဆလုံလူမျိုးများစွာ တဖြည်းဖြည်းသေဆုံးကုန်ခြင်း၊ မူးယစ်ဆေးဝါး ကျေးကျွန်များဖြစ်ကုန်ခြင်း ၊ အခြားလူမျိုးစု အမျိုးသားများ ဆလုံအမျိုးသမီးနှင့် သွေးနှောကာ ဆလုံမျိုးနွယ်စုများ ပျက်ယွင်းမျိုးတုံးပျောက်ကွယ်လာမည့် ဖြစ်စဉ်များ တဖြည်းဖြည်း ရင်ဆိုင် ကြုံတွေ့လာနေကြ ရပြီဖြစ်သည်။
ကမ္ဘာပေါ်တွင် ခေတ်မီနည်းပညာများ အသုံးမပြုပါ ဘဲနှင့် ပင်လယ်နှင့် ရေသတ္တဝါများအကြောင်း၊ လက်တွေ့ ဆန်စွာ သိရှိကျွမ်းကျင်သော လူမျိုး၊ ပင်လယ်ပျော်များပီပီ ပင်လယ်ကို ချစ်ခင် မြတ်နိုးသောလူမျိုး၊ ပင်လယ်ရှိသော ဒေသများတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသော လူမျိုး၊ ပင်လယ်နှင့်ဝေးရာသို့ ထွက်ခွာသွားရန် စိတ်ကူးထဲတွင်ပင် မထည့်သည့်လူမျိုး၊ လွတ်လပ်ပျော်ရွှင် အနှောင်အဖွဲ့ကင်းမဲ့စွာဖြင့် အလိုလောဘနည်းပါးပြီး အပူအပင်မဲ့ ရိုးသားစွာ ဘ၀ကိုဖြတ်သန်းသွားလာ နေထိုင်ကြသော ရှားပါးပျောက်ကွယ်လုနီးပါး မျိုးနွယ်စု တစ်ခုဖြစ်လေရာ ကိုဗစ် - ၁၉ အလွန်ကာလ ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာချိန် မည်သည့်အရပ်ဒေသ တွင်မျှမရှိသော တနင်္သာရီတိုင်း ဒေသကြီးအတွင်းက ထူးခြားသည့် ပင်လယ်ပျော် လူသားမျိုးနွယ်စုဖြစ်သည့် ဆလုံ(ခေါ်)မော်ကင်း “ Mawken” (သို့) Sea Gypsies ခေါ် ပင်လယ်ပျော် လူသားမျိုးနွယ်စုများကို အခါအခွင့်သင့် ပါက လာရောက်လည်ပတ်လေ့လာကြရန် တိုက်တွန်း ဖိတ်ခေါ်လိုက်ရပါသည်။ ။
ကျမ်းကိုး ။ ။ နိုင်တာရာ၏ ဆလုံ(သို့) ပင်လယ်ပျော်သူများ