ခရီးသွားများအား အပန်းဖြေဆွဲဆောင်နိုင်မည့် မိုင်းပန်မြို့က တိမ်ပင်လယ်အလှ

Listing Description

မိုင်းပန် ဇန်နဝါရီ ၁၀

အေးချမ်းသည့် ဟေမာန်ဆောင်း ယခုအခါသမယ၌ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေး ခရိုင် မိုင်းပန်မြို့နယ်တွင် သာယာလှပ အထင်ကရ တိမ်ပင်လယ်ရှုခင်းသာသို့ လာရောက် လည်ပတ်ကြသူများ များပြားလျက်ရှိသည်။

အဆိုပါနေရာသည် မိုင်းပန်မြို့၏ အနောက်မြောက်ဘက် မိုင်းပန်-ကျိုင်းတောင်း သွား မော်တော်ကားလမ်း(လမ်းယာဘက်) လွိုင်မုံမိန်းတောင်ပေါ်၌ တည်ရှိသည်။ မိုင်းပန် မြို့၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၂၂၂ ပေတွင် ရှိသည်။ အေးမြသည့် ရာသီဥတုရှိပြီး တောင်ပေါ်မြေပြန့်မြို့တစ်မြို့ဖြစ်သည်။ ဆန်စပါး၊ ကြက်သွန်ဖြူ၊ နာနတ်၊ လိမ္မော်များကို အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြသည်။

လင်းခေးဘက်မှ မြို့အဝင်၌ မဟာတေဇာဓိပတိ ရွှေတိဂုံပုံတူစေတီတော် တည်ရှိ သည်။ ယခုကာလ ဆောင်းအခါသမယ၌ ပေါ်ထွန်းလျက်ရှိသည့် အထင်ကရ တိမ်ပင်လယ် သည် လွန်ခဲ့သောနှစ်များစွာကတည်းက ပေါ်ပေါက်ခြင်းရှိနေသော်လည်း လူသူအရောက် အပေါက်နည်းသော တောင်တန်းများကြားတည်ရှိနေခြင်းတို့ကြောင့် လူသိထင်ရှား မဖြစ် ခဲ့ပေ။

မကြာသေးမီ နှစ်နှစ်ကာလ အတွင်း၌ ပေါ်ထွန်းခဲ့ကြောင်းနှင့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ မိုင်းပန်မြို့၏ တိမ်ပင်လယ် ရှုခင်းသာနေရာ တစ်နေရာအဖြစ် လူအများ စိတ်ဝင်စားမှု ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

ထိုနေရာသို့ သွားရောက်လေ့လာ လည်ပတ်လိုလျှင် မိုင်းပန်မြို့သမိုင်းဝင် ရှေးရှမ်းစာဆိုတော်ကြီး စဝ်ကောလီ ပြတိုက်ကျောင်းမှ လေးဖာလုံခန့် အကွာ အရှေ့ဘက်တောင်ကုန်းနေရာ ရှုခင်းသာမှ ကြည့်ရှုလျှင် နံနက် ၆ နာရီ ခွဲခန့်မှ ၈ နာရီခွဲ၊ ၉ နာရီခန့်အထိ အရှေ့ဘက် တောင်ကြောများမှ ထိုးဖောက်ဝင်ရောက်လာသည့် မြူခိုး မြူနှင်းများက အစိုင်အခဲ အသွင် သဏ္ဌာန်ဖြင့် ကျယ်ပြန့်စွာထွက်ပေါ် လာကာ တိမ်စိုင်တိမ်ခဲများက တလိမ့်လိမ့် တငြိမ့်ငြိမ့် လှုပ်ရှား နေပုံများကို မြင်တွေ့ခံစားသူများက တိမ်ပင်လယ် (သို့မဟုတ်) မိုင်းပန် တိမ်ပင်လယ်ဟု တင်စားခေါ်ဝေါ်ခဲ့ကြ သည်။

မိုးတိမ်များကင်းစင်ကာ မိုးအုံ့ ခြင်းများမရှိသည့်ရက် နံနက်ခင်းဝယ် ယင်းတိမ်ပင်လယ်ကို သာယာလှပ သော မိုင်းပန်တောင်တန်းကြီးများ အကြားဝယ် တစ်မျှော်တစ်ခေါ် လှမ်းမျှော်ကြည့်ရှု ခံစားနိုင်ပေသည်။ တိမ်သားဖုံး၍ မိုးအုံ့ခဲ့လျှင် အလိပ်လိပ် ဝင်ရောက်ကျဆင်းခြင်း အားနည်း သော်လည်း တိမ်ပင်လယ်ထုအောက် ရှိ မိုင်းပန်မြို့အဝင်လမ်း၊ စေတီများ၊ လယ်ကွင်းများနှင့် အနီးရှိရွာ၏ သဘာဝရှုခင်းများကိုပါ တွေ့မြင်နိုင် သောကြောင့် တိမ်မထူမပါးတည်ရှိ လာသောမြင်ကွင်းကို ကြည့်ရှုခံစား နိုင်မည်ဖြစ်သည်။

ဆောင်းရာသီကာလ၏ မိုင်းပန် အထင်ကရ တိမ်ပင်လယ်ပေါ်ပေါက်ရာ ရှုခင်းသာ လွိုင်မုံမိန်းတောင်ကုန်း လေးမှာ လာမည့် အနာဂတ် ကိုဗစ်-၁၉ ကာလ​ ဖြေလျှော့သွားချိန်၌ ထို ရှုခင်းသာတွင် လာရောက်လေ့လာ လည်ပတ်စောင့်မျှော် ကြည့်ရှုသူများ ပိုမိုများပြားလာနိုင်မည်ဟု ဒေသခံများ က ဆိုကြသည်။ မြို့၏ သာယာလှပ သော လေ့လာအပန်းဖြေစရာတစ်ခု ဖြစ်လာစေရန်ရည်ရွယ်၍ ဆရာတော် သံဃာတော်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဒေသအုပ်ချုပ်ရေးပိုင်း ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မိုင်းပန်သူ မိုင်းပန်သားများ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်တို့ စုပေါင်း စေတနာအလှူငွေ၊ စုပေါင်းလုပ်အား များ ပေါင်းစပ်၍ ယခုအခါ ဗုဒ္ဓရုပ်ပွား တော်တစ်ဆူကို တည်ထားကိုးကွယ် ခြင်း၊ တိမ်ပင်လယ်ရှုခင်းကို ကြည့်ရှု ခံစား အမှတ်တရများ ရယူနိုင်ရန် မျှော်စင်များ တည်ဆောက် အလှဆင် ခြင်းလုပ်ငန်းများလည်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း မြင်တွေ့ခဲ့ရ သည်။

ယခင်နှစ်ပေါင်းများစွာက လူသူ အရောက်အပေါက်နည်းခဲ့သော လွိုင်မုံ မိန်းတောင်ကုန်းကြီးနေရာသည် ယခု အခါ တိမ်ပင်လယ်နှင့် ဆုတောင်းပြည့် ရုပ်ပွားတော်တည်ထား ကိုးကွယ်လာခဲ့ ပြီးနောက် မိုင်းပန်ဒေသခံပြည်သူများ သာမက ရပ်နီးရပ်ဝေးမှ ပြည်သူ များက ဟေမာန်ဆောင်းခါသမယ အတွင်း နေ့စဉ်နှင့်အမျှ အဝင်အထွက် လာရောက်လေ့လာလျက် ရှိကြရာ မိုင်းပန်တိမ်ပင်လယ်အလှ ကြည့်ရှု ခံစားနိုင်ရန် ခရီးသွားများအား ဖိတ်ခေါ်လိုက်ရပါသည်ဟု ဖော်ပြ လိုက်ရပါသည်။

စိုင်းဇော်လတ်(လင်းခေး)